အောင်အေးချမ်း (ရင်စူးမြား)မှ | | |စာချစ်သူများကို| | |နွေးထွေးစွာ ကြိုဆိုပါတယ် ★

Thursday, April 11, 2013

အဖိုးတန်



           မကြာမီ ချမ်းအေးတဲ့ တပို့ တွဲလဆီကို ချဉ်းနင်း ၀င်ရောက်တော့မယ်ဆိုတော့ တပို့ တွဲလမှာ ကျင်းပတဲ့ ကျနော်တို့ မြို့ရဲ့  ဗုဒ္ဓပူဇနိပွဲတော်လေးကို တမ်းတမိပါတယ်။ ထိုပွဲတော်လေးကို တမ်းတမိတာနဲ့  တပြိုင်နက် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကျော် ကျနော် ၁၅ နှစ်သား အရွယ်လောက်က အဖြစ်အပျက်လေးကိုလည်း ပြန်ပြောင်း အမှတ်ရမိပါ
တော့တယ်။
                                    *************

            ကျနော်တို့  မြို့ လေးမှာ နှစ်စဉ်နှစ်တိုင်း တပို့ တွဲလဆန်း ၁၀ ရက်နေ့ မှ လပြည့်ကျော် ၁ ရက်နေ့ အထိ ၇ ရက်တိုင်တိုင် ဗုဒ္ဓပူဇနိယပွဲတော် မသိုးသင်္ကန်းကပ်လှူပွဲနှင့် ထမနဲထိုးပွဲ ကျင်းပလေ့ရှိပါတယ်။ ထိုပွဲတော်မှာ ဇာတ်ပွဲ လေးခု ၊ ရုပ်ရှင်ရုံ တစ်ခု ၊ မျက်လှည့်ပွဲ တစ်ခု ၊ ပဒေသာကပွဲ တစ်ခု ၊ ကြိုးမဲ့ရုပ်သေး တစ်ခု ၊ ရုပ်သေးတစ်ခု အမြဲပါလေ့ရှိပါတယ်။

            အနယ်နယ်အရပ်ရပ်မှ ဈေးဆိုင်များ လာရောက်ရောင်းချကြသလို အဖိတ်နေ့ နှင့် လပြည့်နေ့ များတွင် အနီးအနား မြို့နယ်များမှပါ လာရောက်ဖူးမြှော်ကြသည့်အတွက် ကြက်ပျံမကျအောင် စည်ကားလှပါတယ်။ ဒီပွဲတော်ရောက်တိုင်း အဖေက ကျနော့်ကို သူရုံးပိတ်ရက်နဲ့  တိုက်ဆိုင်တဲ့နေ့ မှာ ဇာတ်ပွဲတစ်ခုခု ဒါမှမဟုတ် ကပွဲတစ်ခုခု လိုက်ပြလေ့ရှိပါတယ်။ ဒီနှစ်တော့ ကျနော် အရမ်းဝါသနာပါပြီး အရမ်းကြည့်ချင်တဲ့ မျက်လှည့်ပြပွဲကို လိုက်ပြမယ်ဆိုတော့ အဖေ့ကို ကျွန်တော် အရမ်းကျေးဇူးတင်နေမိပါတယ်။

            ညနေစောင်းလေးမှာ ဘုရားပွဲကို ရောက်ရှိခဲ့ကြပါတယ်။ ဘုရားဖူး ၊ ပွဲခင်းထဲ တစ်ပတ်လျှောက်ပြီးတော့ မျက်လှည့်ပွဲကြည့်ဖို့  ဦးမောင်မောင် ဆပ်ကပ်ရုံရှေ့ ရောက်ခဲ့ကြတယ်။ လက်မှတ်ဝယ်ဖို့ ကိုလည်း ကျွန်တော်တို့ သားအဖနှစ်ယောက်ရဲ့  ရှေ့ မှာ မိသားစု တစ်စုနဲ့  အဲဒီရှေ့ က လူနှစ်ယောက်လောက်ကလွဲလို့ သိပ်တန်းမစီရပါဘူး။ မကြာခင် ကျနော်အရမ်းသဘောကျနှစ်ခြိုက်တဲ့ မျက်လှည့်ပွဲကို ကြည့်ရတော့မယ်ဆိုတဲ့ အတွေးနဲ့  အပျော်ကြီး ပျော်နေမိပါတယ်။

            ကျနော်တစ်ယောက်ထဲ ပျော်နေတာ မဟုတ်ပါဘူး။ ကျနော်တို့ ရှေ့ မှာ တန်းစီနေတဲ့ မိသားစုထဲက ကလေးတွေလည်း ပျော်နေကြပါတယ်။ သူတို့ လေးတွေက ၇ ယောက်တောင်ပါ။ အားလုံး ကျနော့်ထက် ငယ်ရွယ်သူတွေချည်းပါပဲ။ သူတို့ တွေ ပြောနေတဲ့ အပျော်စကားကို ကျနော်ကြားနေရပါတယ်။ သူတို့ ကို ကျနော် ခန့် မှန်းကြည့်ရသလောက်တော့ ဆင်းရဲနွမ်းပါးပုံရပါတယ်။ အ၀တ်အစား ခပ်နွမ်းနွမ်းလေးတွေ ၀တ်ဆင်ထားသလို သူတို့ ပြောစကားအရ ဒီလိုပွဲမျိုးကို မရောက်ဖူးကြောင်းလည်း သိရပါတယ်။

            သူတို့ က ဆင်ရဲနွမ်းပါးကြတယ်ဆိုတော့ ကျနော်တို့ က ချမ်းသာနေကြလား။ အဲလိုမဟုတ်ပါဘူး။ အဖေက ရုံးဝန်ထမ်းဆိုတော့ ပြေလည်ရုံလေးပါ။ ကျနော်က တစ်ခုပဲ သာပါတယ်။ ဒီပွဲကို နှစ်စဉ်နှစ်တိုင်း လာရောက်ခွင့်ရှိတာပါပဲ။ သူတို့ လေးတွေ တက်ကြွနေကြသလို သူတို့ ရဲ့  အဖေနဲ့  အမေဟာလည်း ကလေးတွေရဲ့  အပျော်တွေကိုကြည့်ပြီး တပြုံးပြုံးရှိနေကြပါတယ်။

ခဏနေတော့ ဒီမိသားစုရဲ့  လက်မှတ်ဝယ်ဖို့  အလှည့်ရောက်လာပါတယ်။ အဖေဖြစ်သူက လက်မှတ်ရောင်းအမျိုးသမီးကို တက်တက်ကြွကြွ ပြောလိုက်ပါတယ်။

“လက်မှတ် ကိုးစောင်ပေးပါ လူကြီးနှစ်စောင် ကလေး ခုနစ်စောင်နော် ဒါမှ ကျွန်တော်တို့  မိသားစုအားလုံး ကြည့်လို့ ရမှာဗျ”

            လက်မှတ်ရောင်း အမျိုးသမီးက ပြန်ပြောပါတယ်။

“လူကြီးတစ်စောင် ၄၀ ၊ ကလေးတစ်စောင် ၂၀ အားလုံးပေါင်း ၂၂၀ ကျပါတယ်”

“ဗျာ .. ဘယ် ဘယ်လောက်လဲ ပြန်ပြောပါဦးဗျာ”

            ထိုလူကြီးရဲ့  အသံတွေ သိသိသာသာတုန်နေမှန်း သတိထားလိုက်မိတယ်။ သူ့ အိပ်ကပ်ထဲက ရှစ်ရွက်လောက်ရှိတဲ့ ဆယ်တန်နွမ်းနွမ်းလေးတွေကို အထပ်ထပ်အခါခါ အပြန်ပြန်အလှန်လှန် ရေတွက်နေတယ်။ သူ့ ဇနီးဖြစ်သူမှာ မျက်နှာမသာမယာနဲ့  ကလေးတွေကို ငဲ့စောင်းကြည့်လိုက် ယောင်္ကျားဖြစ်သူကို ကြည့်လိုက်ရှိနေတယ်။ သူတို့ မှာက ပိုက်ဆံ အလုံအလောက်မပါ။ ပိုက်ဆံမလောက်လို့  မျက်လှည့်မကြည့်ဖြစ်တော့ဘူးလို့ စိတ်ကူးတွေနဲ့  ပျော်နေကြတဲ့ ကလေးတွေကိုလည်း ပြောမထွက်။ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ မိဘဖြစ်သူတွေကို ကျနော်တင်မဟုတ်ပဲ ကျနော့်အဖေပါ ရိပ်စားမိကြောင်း အဖေ့မျက်နှာကို မော့အကြည့်မှာ သတိထားလိုက်မိတယ်။ ကျနော်လည်း ဘာမှမတတ်နိုင်ပါ။ အကူအညီပေးချင်ပေမယ့်လည်း ကျနော်ကိုယ်တိုင်ကလည်း ကလေးဆိုတော့ ဘယ်မှာသာ ပိုက်ဆံရှိမှာလဲ။ သူတို့ ကို ကိုယ်ချင်းစာမိစွာ အဖေ့မျက်နှာလေးကိုသာ ငေးစိုက်ကြည့်နေမိတယ်။

            ကျနော့် အကြည့်ကို အဖေနားလည်ပုံ ရပါတယ်။ အဖေက အိပ်ကပ်ထဲက နှစ်ရာတန် တစ်ရွက်ကို နှိုက်ယူလိုက်ပါတယ်။ ပြီးတော့ ထိုနှစ်ရာတန်လေးကို အောက်ကို အသာပစ်ချလိုက်တယ်။ နောက် ပြန်ကောက်ယူပြီး

“ဒီမှာခင်ဗျ ဟောဒီပိုက်ဆံလေး စောစောက ခင်ဗျားအိတ်ကပ်ထဲက ထွက်ကျသွားတယ်”

            အဖေဘာလုပ်တယ်ဆိုတာ ထိုလူကောင်းစွာ နားလည်လိုက်တယ်။ သူဘယ်သူ့ ဆီမှာမှ တောင်းခံခြင်းမျိုးမဟုတ်ပဲ သူအခက်အခဲ ကြုံတွေ့ နေချိန် ဖခင်တစ်ယောက်အနေနဲ့  သားသမီးတွေရဲ့  ရှေ့ မှာ အရှက်ကြီးရှက်ရမယ့် အချိန်မျိုးမှာ ရလိုက်တဲ့ အကူအညီတစ်ခုအတွက် အဖေ့ကို ကျေးဇူးတင်တဲ့ အကြည့်တွေနဲ့  တုန့် ပြန်နေတဲ့ မျက်ဝန်းမှာ မျက်ရည်စလေးတွေ သီခိုနေတာ သတိထားလိုက်မိတယ်။ သူနှုတ်ခမ်းအစုံ လှုပ်လှုပ်ရွရွဖြစ်လာပြီး ပြောပါတယ်။

“ခင်ဗျားကျေးဇူးကို တစ်သက် မမေ့ပါဘူးဗျာ ကျွန်တော့်အတွက်ရော ကျွန်တော့်မိသားသားစု အတွက်ပါ တကယ့်ကို တန်ဖိုးမဖြတ်နိုင်ပါဘူးဗျာ”

            အဖေ ဘာမှပြန်မပြောပဲ ကျနော့်လက်ကလေးကို လာဆွဲတယ်။ ပြီးတော့ ပြောတယ်။

“အဖေတို့  မနက်ဖြန်မှ ကြည့်ကြရအောင်နော်” တဲ့။

            ကျနော် ခေါင်းညှိတ်လိုက်တယ်။ ဒီညဟာ ကျနော့်အဖို့  အဖိုးတန်တဲ့ အကူအညီတစ်ခု ပေးခွင့်ရလိုက်တဲ့အတွက် အလဟဿတော့ မဖြစ်ခဲ့ပါဘူး။ ကျနော် .. ဒီဆပ်ကပ်ပွဲကို မနက်ဖြန် မကြည့်ရလည်း နောင်နှစ်တော့ ကြည့်ဖြစ်မှာပါ။ ။


            Dan Clark ၏ The Circus အား ကျနော့် စိတ်ကူးအတွေးဖြင့် ခံစားရေးဖွဲ့ ပါသည်။

            ကျနော့်စာများ ဖတ်ရှုသူ အားလုံးကို ကျေးဇူးတင်ပါတယ် ...



     ဘလော့ဂါ ဖိုးစည်


1 ဦး ပြန်ပြောထားသည်:

kyawshein said...

ဒီလိုစာနာညှာတာစိတ်ထားတတ်သူတို့ ရဲ့ နှလုံးသားဟာ
မြင့် မြတ်သူတို့ နှလုံးသားသာဖြစ်ပါတယ်....

Post a Comment

↓ မိတ်ဆွေတို့ရဲ့ အမြင်လေးတွေ ပြောပြပေးခဲ့နိုင်ပါတယ် ↓