အောင်အေးချမ်း (ရင်စူးမြား)မှ | | |စာချစ်သူများကို| | |နွေးထွေးစွာ ကြိုဆိုပါတယ် ★

Monday, April 8, 2013

ထီးကလေး ပြန်ပေးပါ

ထီးကလေး ပြန်ပေးပါ

           ရုတ်ခနဲ မိုးက ရွာချလာတော့ ကျောင်းစာအုပ်တွေ ရေမစိုအောင် အမိုးအောက်တစ်ခုဆီ အပြေးကလေး သွားခဲ့ရတယ်။ ဒီရက်ပိုင်းအတွင်း မိုးကမရွာတော့ ထီးမယူလာဖြစ်ခဲ့တာ ကျနော့အမှား။ မေမေက ကျနော်ကျောင်းသွားတိုင်း ထီးယူသွားဖို့ အမြဲမှာတတ်သည်။ အခုပုံစံသာ မေမေမြင်လျှင် အရင်လို မျက်စောင်းလေး ထိုးလေမလား။
            ‘သတိရလိုက်တာ မေမေရယ်’
            မိုးက တော်တော်နဲ့ မစဲတော့ ညီမလေးရဲ့ ငါးတန်းအခန်းဆီ ဘယ်လိုသွားရပါ့။ ညီမလေး ကျနော်လာအကြိုကို မျှော်နေရှာရော့မယ်။ ညီမလေး အားငယ်နေသလား။ ညီမလေး ငိုနေသလား။ ဒီလိုတွေးမိမှ စိတ်ထဲ ဝမ်းနည်းလာသလိုလို။
            လွယ်အိတ်လေး ခေါင်းပေါ်မိုးတင်ပြီး ညီမလေး အတန်းဆီ အပြေးကလေး သွားမိတယ်။
            ထင်တဲ့အတိုင်း ညီမလေးပါးပြင်မှာ မျက်ရည်စတွေနဲ့။
            “ကိုကို့ကို ညီမလေး မျှော်နေတာ”
            အားငယ်ဝမ်းနည်းတဲ့ မျက်နှာလေးနဲ့ ညီမလေးက ကျနော့လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ လက်ကလေးနဲ့ ညီမလေးခေါင်းကို ဖွဖွလေး ပွတ်သပ်ပေးလိုက်တော့ မော့ကြည့်လာပြီး
            ‘အရင်လို မေမေ လာကြိုရင် ကောင်းမှာပဲနော်’ … တဲ့။
            ကျနော် မျက်ရည်တွေ မကျအောင် မနည်းချုပ်တည်းထားလိုက်ရသည်။ ကျနော်ငိုရင် ညီမလေး ပိုဆိုးသွားမှာပေါ့။ ကျနော် ငိုလို့ မဖြစ်ဘူးလေ။ ကျနော်က အကိုကြီးဆိုတော့ အဖအရာလို နေပြရမှာပေါ့။ ဒါပေမယ့် ကျနော်က ငယ်ပါသေးတယ်။ ညီမလေးက ဆယ်နှစ်။ ကျနော်က ၁၂နှစ်ကျော်လို့ ၁၃နှစ်ထဲမှာပဲ ရှိသေးတာ။
            အနားမှာ ဘယ်သူမှ မရှိတဲ့အချိန်မှာ ကျနော်က ညီမလေးအတွက် အားဆေးတစ်ခွက်ပါ။ ကျနော့်ကို မေမေမိုးပေးခဲ့တဲ့ ထီးကလေး တစ်လက်လို ညီမလေးအတွက် ကျနော်ကလည်း ထီးကလေးတစ်လက် ဖြစ်စေရမယ်။
           “ညီမလေးတို့ ဘယ်လိုပြန်ကြမလဲဟင် ကိုကို့မှာ ထီးပါမလာဘူးလား”
           “မေ့လာတယ် ညီမလေးရယ်”
           “မေမေသာရှိရင် မေ့မှာ မဟုတ်ဘူးနော်”
            ခေါင်းညှိတ်ပြရင်း မေမေ့ကို သတိရမိပြန်သည်။ မေမေဘာလို့ ခွဲသွားတာလဲ။ သည်အတွေးကို မတွေးချင်ပဲ တွေးနေမိပြန်သည်။ ကျနော့်အသက်အရွယ်နဲ့ ကျနော့်အတွေးတွေက လွန်ကဲနေသလား။ အသက်အရွယ်နဲ့တော့မဆိုင်။ ခံစားချက် ရှိလာပြန်တော့ အတွေးတွေ သူ့အလိုလို ဖြစ်လာတာပါ။ ညီမလေးရော ကျနော့်လို တွေးနေတတ်ပြီလား။ သနားလိုက်တာ ညီမလေးရယ်။
          “ကိုကို ဘာလို့ ထီးမယူလာတာလဲ မေမေ့ကို သတိမရတော့လို့လား”
           မေးရက်လိုက်တာ ညီမလေးရယ်။ မေမေ့ကို နေစဉ်နဲ့အမျှ သတိရနေတာပေါ့။ ဖြစ်နိုင်ရင် မေမေ့ကို အခုပဲ ပြန်လာစေချင်တယ်။ ထီးကလေးထက် တကယ့်အရိပ်စစ် မေမေပဲ လိုအပ်တယ်လေ။
           မေမေ ဘာလို့ ခွဲသွားရတာလဲ။ သားတို့ကို မချစ်တော့လို့လား။ သားတို့ထက် ချစ်ရမယ့်သူ ရှိနေလို့လား။ ကျနော် ခေါင်ခါရမ်းလိုက်မိသည်။ ဆက်တွေးရင် ကျနော် ငိုမိမည်။ ကျနော်ငိုရင် ညီမလေးလည်း ငိုပါလိမ့်မည်။
          “မိုးတိတ်ပြီ ညီမလေး ပြန်ကြရအောင်နော်”
          “ဟုတ်ကဲ့ကိုကို နောက်တစ်ခါ မေမေပေးတဲ့ထီလေး ဘယ်တော့မှ မမေ့နဲ့နော်”
          “စိတ်ချ ညီမလေး ကိုကို ကတိပေးတယ် နောက်တစ်ခါ ဘယ်တော့မှ မမေ့စေရဘူး”
          ညီမလေးက ပြုံးတယ်။ ဒါပေမယ့် မချိပြုံးလေးရယ်ပါ။ ကျနော်လည်း ရယ်လိုက်တယ်။ ဒါပေမယ့် အသက်မပါ။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

         ထိုညက တစ်ညလုံး တော်တော်နှင့် အိပ်မပျော်။ ညီမလေးရော ဘယ်လိုနေမလဲ ငဲ့စောင်းကြည့်ဖြစ်တော့ မျက်ရည်လေးအဝဲသားနဲ့ ကျနော့်ကို ကြည့်နေတာ တွေ့ရတယ်။
        “ညီမလေး မအိပ်သေးဘူးလား”
        “ဟင့်အင်း .. ကိုကိုရော မအိပ်သေးဘူးလား”
        “အိပ်တော့မယ်လေ .. ညီမလေးလည်း အိပ်တော့”
        “ကိုကို”
        “ဘာလဲ ညီမလေး”
        “မေမေ ဘယ်တော့ ပြန်လာမှာလဲဟင်”
        ကျနော် ဘယ်လို ပြန်ပြောရမှာလဲ။ ကျနော်မှ မသိတာ။ ကျနော့်ကိုလည်း ဘာမှ ပြောမသွားတာ။ နင့်ကနဲ တစ်ချက် ခိုးရှိုက်ဖြစ်သည်။ ကျနော်လည်း ညီမလေးလိုပဲ မေးချင်မိပါတယ်။ မေမေဘယ်တော့ ပြန်လာမှာလဲလို့။
        “မကြာခင် ပြန်လာမှာပေါ့ ညီမလေးရယ် အိပ်တော့နော်”
        မေမေပြောခဲ့ဖူးတဲ့ ပုံပြင်လေးတွေကို သိသလောက် မှတ်မိသလောက်ပြန်ပြောပြရင်း ညီမလေးကို ချော့သိပ်ကာ မေမေ့ကို တမ်းတနေမိတယ်။
         ဒီအချိန်မှာ မေမေက ကျနော်တို့ကို ပုံပြောပြနေကျလေ။ မေမေမရှိတော့ မေမေ့ကိုယ်စား ညီမလေးကို ကျနော်က ပုံပြောပြရသည်။ တကယ်ဆို မေမေပြောပြတဲ့ ပုံပြင်တွေ သားနားထောင်ချင်ပါသေးတယ် မေမေ။
        “ထီးကလေး ပြန်ပေးပါ ၊ သမီးတို့ရဲ့ ထီးကလေးပြန်ပေးပါ ၊ ဟီး …”
        ဘယ်အချိန်မှာ ကျနော် အိပ်ပျော်သွားလည်း မသိဘူး။ ညီမလေးရဲ့ ငိုပြီး ပြောသံတွေကြောင့် ကျနော် လန့်နိုးသွားတယ်။
        “ညီမလေး ညီမလေး ဘာဖြစ်တာလဲ”
        “ကိုကို ညီမလေးတို့ ထီးလေးမရှိတော့ဘူး မေမေက သူများကို ပေးလိုက်တယ် ဟီး … ထီးကလေး ပြန်ပေးပါ”
        သြော် … ညီမလေးက ထီးကလေးကို စိတ်စွဲပြီး အိပ်မက်မက်နေသည်ပဲ။ အိပ်မက်ထဲမှာ ထီးကလေးကို မေမေက သူများပေးလိုက်တယ်တဲ့။ တိုက်တိုက်ဆိုင်ဆိုင်ရယ် …
        မေမေက ကျနော်တို့ မောင်နှမနှစ်ယောက်ဆောင်းဖို့ ထီးကလေးတစ်လက် ဝယ်ပေးခဲ့တယ်။ ဒီထီးကလေးနဲ့ပဲ ကျနော်တို့မောင်နှမ ကျောင်းသွားကျောင်းပြန် ဆောင်းနေကျ။ ဒီထီးကလေးကို ကျောင်းသွားတိုင်း ယူသွားဖို့ မေမေအမြဲမှာတတ်သည်။ မိုးရွာရွာ နေပူပူ သားတို့မောင်နှမ မေမေပေးတဲ့ ထီးကလေးကိုဆောင်းတဲ့။ သားတို့အနားမှာ မေမေ့ကိုယ်ပွား ထီးကလေးက အမြဲတမ်း လုံခြုံမှုတွေ ပေးနေမှာတဲ့။
        မေမေမရှိတဲ့နောက်မှာ မေမေပေးခဲ့ဖူးတဲ့ ထီးကလေးကိုပဲ မေမေလို့ သတ်မှတ်ပြီး ချစ်နေခဲ့ရတာ ကြာပြီလေ။ ဒီထီးကလေးကိုမှ မေမေက သူများကို ပေးလိုက်သည် သူစိမ်းတစ်ယောက်ကို ပေးလိုက်သည်ဆိုတော့ …
        အိပ်မက်မှန်းသိလျှက် ညီမလေးနဲ့အပြိုင် ကျနော်လည်း ငိုလိုက်မိပါသည်။
        ထီးကလေး ပြန်ပေးပါ ...
        ကျနော်တို့ရဲ့ ထီးကလေး ပြန်ပေးပါ ... ... ...

 
(သားသမီးတို့ရဲ့ အလုံခြုံဆုံးအရပ်မှာ မိဘအရိပ်သည်သာ ဖြစ်ချေ၏)

        ကြိုးစားပါဦးမည် …

   အောင်အေးချမ်း (ရင်စူးမြား)

0 ဦး ပြန်ပြောထားသည်:

Post a Comment

↓ မိတ်ဆွေတို့ရဲ့ အမြင်လေးတွေ ပြောပြပေးခဲ့နိုင်ပါတယ် ↓