အောင်အေးချမ်း (ရင်စူးမြား)မှ | | |စာချစ်သူများကို| | |နွေးထွေးစွာ ကြိုဆိုပါတယ် ★

Monday, April 8, 2013

ဘူတာရုံသရဲ

     လွန်ခဲ့တဲ့ အနှစ်သုံးဆယ် ၊ ကျနော့အသက် ဆယ့်လေး ၊ ဆယ့်ငါးလောက်မှာ ကျနော်က မီးရထား ဘူတာရုံနဲ့ ဓါတ်တိုင် ဆယ်တိုင်စာလောက်ဝေးတဲ့ နေရာမှာ နေပါတယ်။ ဘူတာရုံရဲ့ အနီးအနားမှာ နေတာဆိုတော့ ဘူတာရုံနဲ့ ပါတ်သက်တဲ့ သတင်းစကားတွေကလည်း မကြားချင်ပဲ ကြားနေခဲ့ရတယ်။ စင်္ကြန် ပလက်ဖောင်းနဲ့ တွဲကြားမှာ ကျလို့ တော်ကြာသေပြန်ပြီ။ ရထားအထွက် မရမကလိုက်တက်လို့ ပြုတ်ကျ သေပြန်ပြီ။ ရထားဝင်လာတာ မသိပဲ လမ်းဖြတ်ကူးလို့ တိုက်မိပြီး သေပြန်ပြီ။ အရက်မူးပြီး ရထားလမ်းပေါ် အိပ်နေလို့ ရထားကြိတ် သေပြန်ပြီ။ ဒီလို ခဏခဏ သေကြပြီးတဲ့နောက် ဘူတာရုံမှာ သရဲခြောက်တယ် ဆိုတဲ့ သတင်းကလည်း ဟိုးလေးတကြော်ကြော် ဖြစ်လာတယ်။
     ကျနော်တို့ ပတ်ဝန်းကျင်မှာ ည ကိုးနာရီကျော်ရင် အိမ်အပြင် မထွက်ရဲကြသလောက် ဖြစ်လာတယ်။ ဘူတာရုံသွား လမ်းမကြီးရဲ့ တစ်ဖက်တစ်ချက်မှာကလည်း နှစ်ချို့ ကုက္ကိုလ်ပင်ကြီးတွေ အုပ်ဆိုင်းနေပြီး မိုးကိုမျှော်ကြည့်၍ မမြင်ရလောက်အောင်ပင် ညအခါဆို မှောင်မိုက်ကာ လူသူကင်းရှင်းနေတတ်တယ်။
     အခု .. ဒီလမ်းမကြီးပေါ်မှာ ကျနော်တစ်ယောက်တည်း လမ်းလျှောက်နေတယ်။ အချိန်က ဆယ့်တစ်နာရီ မတ်တင်း။ ဒီလမ်းပေါ်ကို ကျနော် လျှောက်ချင်လို့ လျှောက်နေတာမဟုတ်ပဲနဲ့ မလျှောက်မဖြစ်လို့ လျှောက်နေရတယ်။ နောက်ပြီး ကျနော်ဦးတည်သွားနေတာက သရဲခြောက်ပါတယ်ဆိုတဲ့ ဘူတာရုံဆီကို။
     အဲဒီကို ကျနော်သွားနေတာဆိုတော့ ကျနော်က မကြာက်တတ်လို့လား။ မဟုတ်ပါဘူး ကျနော့အသက် ဆယ့်လေးနှစ်လောက်ပဲ ရှိသေးတာ ကြောက်တတ်တာပေါ့။ ကြောက်လို့လည်း တစ်လမ်းလုံး သိသမျှ မှတ်သမျှ ဘုရားစာတွေ ဂုဏ်တော်တွေ ရွတ်ဖတ်နေရတာ ပါးစပ်မှာတောင် အမြှုပ်တွေ ထလို့။ မျက်လုံးကလည်း  ကျီကန်းတောင်မှောက် ဘေးကြည့်လိုက် ရှေ့ကြည့်လိုက် နောက်ကြည့်လိုက်ပေါ့။ ဗြုန်းဆို အနားကို ဘာကောင်ကြီးရောက်လာမလဲဆိုပြီး တွေးတွေးပြီးလည်း ကြောက်နေမိတယ်။ ကြားဖူးနားဝ ရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ယုံတမ်းစကားတွေထဲကလို ခွေးသေးသေးလေး ပေါ်လာပြီး တစ်ဖြည်းဖြည်း ဆင်လောက် အကောင်အကြီးကြီး ဖြစ်လာလေမလား။ ညီလေး မီးတစ်တို့လောက်ဆိုပြီး လာပြောတဲ့သူက လျှာကြီး တစ်တောင်လောက် ထုတ်ပြလေမလား။ အစ်ကိုကြီး အစ်မကြီးတို့ရယ် ထမင်းဖိုးလေးသနားပါဆိုတဲ့ သူတောင်းစာကြီးက နားရွက်တစ်ဖက် ခင်းထိုင်ပြီး နားရွက်တစ်ဖက် ခြုံထားလေမလား။ သစ်ကိုင်းပေါ်မှာ တွဲခိုပြီး အနားရောက်မှ ဘွားခနဲ ကိုယ်ထင်ပြမယ့် ညောင်ပင်တစ္ဆေနဲ့များ တွေ့လေမလား။
     ကျနော် လမ်းသာလျှောက်နေရတယ် နောက်ကျောက မလုံဘူး။ ဗြုန်းဆို နောက်က ပုခုံးလာပုတ်လို့ လှည့်ကြည့်လိုက်တဲ့အခါ ထန်းပင်လောက်မြင့်တဲ့ သရဲကြီးများ တွေ့လေမလားဆိုပြီး ခြေလှမ်းကို အမြန်နှုန်းတင်ပြီး သုတ်ခြေတင် လျှောက်နေရတယ်။ တကယ်ဆို ဒီဘူတာကို လုံးဝ မလာချင်ပါဘူး။ အဖေက သူ့ညီမ (ကျနော့ဒေါ်လေး) နယ်ကနေ ဒီည ဆယ့်တစ်နာရီခေါက်နဲ့ ပါလာမယ်။ သူက မျက်စေ့သိပ်ကောင်းဘူး သွားကြိုပါဆိုလို့သာ လာခဲ့ရတယ်။ တစ်ကိုယ်လုံး ကြောက်စိတ်တွေကြောင့် ချွတ်ခနဲ အသံကြားတာနဲ့ ကြက်သီးတွေ တစ်ဖြန်းဖြန်း ထထနေတယ်။
     ကတ္တရာလမ်းဆုံးလို့ ဘူတာရုံသွားရာ မြေနီလမ်းလေးကို ချိုးဝင်လိုက်တယ်ဆိုရင်ပဲ ဘူတာရုံနဲ့နီးလာပြီဆိုတဲ့အသိနဲ့  စောစောကကြောက်စိတ်တွေ ပိုပြီးကြီးထွားလာတယ်။ ရှေ့နားဆီမှာ ဘူတာရုံကို လှမ်းမြင်နေရပါပြီ။ သို့ပေမယ့် လူသူအရိပ်အယောင်တော့ လုံးဝမတွေ့ရ။ အဖော်တစ်ယောက်ယောက်တော့ ရကောင်းရဲ့ဆိုပြီး ဘူတာရုံထဲဝင်ဝင်ချင်း ရှာဖွေကြည့်သည်။ ဒါပေမယ့် လူရိပ်မြင်ပြီးဟောင်မည့် ခွေးတစ်ကောင်ပင်မတွေ့ပေ။ ဘူတာရုံစောင့် ကုလားအဖိုးကြီးကရော ဘယ်ရောက်နေလဲ။ လုံးလုံးမတွေ့ရပါ။ ဆယ်မိနစ်ကျော်ကျော် ဘူတာရုံစင်္ကြံမှာ ခေါက်တုန့်ခေါက်ပြန်လျှောက်နေမိတယ်။ တကယ်ဆို ဘူတာရုံမှာ ရထားစီးခရီသည် မရှိတောင်မှ ဈေးသည် တစ်ဦးတစ်လေတော့ ရှိကောင်းတယ်။ အခုဟာက လုံးလုံးခြောက်ကပ်တိတ်ဆိတ်ပြီး စိတ်ချောက်ခြားဖွယ်ရာအတိ။ ဘာပဲဖြစ်ဖြစ် လက်မှတ်ရောင်းကောင်တာမှာ တစ်ယောက်ယောက်တော့ ရှိကောင်းရဲ့ဆိုပြီး လှည့်ကြည့်လိုက်တော့ …
     အောင်မလေးဗျ .. နာ .. နာ .. နာ ..
     မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ခေါင်းမှဆံပင်အားလုံး ထောင်ထတက်သွားရတယ်။ လက်မှတ်အရောင်း ကောင်တာပေါက်မှာ ထင်းထင်းကြီးပြူးထွက်နေတဲ့ မျက်နှာကြီးတစ်ခု။ ဆံပင် မျက်ခုံးမွှေး နှုတ်ခမ်းမွှေး ပါးသိုင်းမွှေး သွားတံများဆွတ်ဆွတ်ဖြူလို့။
     ကန်ကလေး မင်း .. ဘာလာလုပ်တာလဲ
     အသံကြားမှ ဘူတာရုံစောင့် နာနာကြီးမှန်း သိလိုက်ရ၍ စိတ်သက်သာရသွားရတယ်။
     ဟာ .. နာနာကြီးကလည်းဗျာ အသံလေးဘာလေး ပေးမှပေါ့
     ဟ ကောင်လေးရ မင်းကို ငါဒီနေရာကနေ ကြည့်နေတာကြာပြီ မင်းတစ်ယောက်ထဲ ဘာလာလုပ်တာလဲ
     ရထားလာစောင့်တာ နာနာကြီးရ
      ဒီနေ့ ရထားမလာဘူး
      ဗျာ
     အေးဟုတ်တယ် ပဲခူးမှာ ရေကြီးနေလို့ ခရီးစဉ်ဖျက်ထားတယ်
     ဟာဗျာ ဒုက္ခပါပဲ
     ဘာဒုက္ခလဲကွ
     အိမ်ကို တစ်ယောက်ထဲ ပြန်ရမှာမို့လို့ပါ
     အေး ပြန်မယ်ဆိုရင်လည်း သတိဝရိယနဲ့သွားကွာ
     ဘာ .. ဘာဖြစ်လို့လဲ နာနာကြီး
     ဘာမှ မဟုတ်ပါဘူးကွာ ညကမှောင် လကမသာတော့ ဆူးညှောင့်ကန်သင်းတွေ သတိထားဖို့ပြောတာပါ
     ကြောက်ပါတယ်ဆိုမှ ဖြဲခြောက်နေပြန်ပြီ။ ညကမှောင်။ လကမသာ။ အချိန်က ညဉ့်နက်သန်းကောင်နီးပါး။ လမ်းပေါ်မှာက ကျွန်တော် တစ်ယောက်တည်း။ အပြန်ခရီရဲ့ ခြေလှမ်းတွေက …
     ဘူတာရုံနဲ့ ကိုက်နှစ်ဆယ်အကွာလောက်ရောက်တော့ အသံတစ်ခုကို ကျနော်သတ်ထားမိလိုက်တယ်။
     ဖလပ် .. ဖလပ် .. ဖလပ် .. ဖလပ်
     ရင်တွေ တစ်ဒုန်းဒုန်းခုန်ပြီး လိပ်ပြာလွင့်မတတ်ဖြစ်မိတယ်။
     ဒီအသံ ဘယ်ကလာတာလဲ။ ဘယ်သူလဲ။ ဘာကောင်လဲ။ လူလား ခွေးလား ကြောင်လား လေတိုက်တာလား သစ်ပင်လှုပ်တာလား ဒါ ဒါမှမဟုတ် နာနာဘာဝလား။ ဟံမလေး လေး။ ကြောက်ကြောက်နဲ့ လျှောက်ရာက ရပ်။ နောက်ပြန် ဆတ်ခနဲလှည့်ကြည့်လိုက်တော့ ….
     ဟာ …
     ဘာဆိုဘာမှမတွေ့။ ထူးဆန်းသည်က စောစောက ကြားရတဲ့အသံ ရုတ်ချည်းရပ်တန့်သွားတာပဲ။ ကျနော်ပြန်လျှောက်တယ်။ ကျနော် စ လျှောက်ချိန်မှာပဲ အခုနအသံ ပြန်ကြားရတယ်။
     ဖလပ် .. ဖလပ် .. ဖလပ်
     ကျနော် ခြေလှမ်းအရှိန်ကို ထပ်မြှင့်လိုက်တော့ အသံကလည်း ပိုမြန်လာတယ်။ ဟာ … ဟုတ်တော့ ဟုတ်နေပြီ။ ဒါ သရဲ။ ဘူတာရုံသရဲ။ ကျနော့ကိုခြောက်ဖို့ နောက်ကလိုက်နေတာ။ ဘာလုပ်ရမလဲ။ လုပ်တတ်တာတစ်ခုတော့ရှိတယ်။ အဲဒီတစ်ခုပဲ လုပ်မယ်။ ဟုတ်ပြီ။ လုပ်ပြီကွာ …
     သြကာသ သြကာသ သြကာသ အဲ ဟုတ်ပါဘူး သံ သံ သံဗုဒ္ဓေ အဌ ဌ ဌ ဝီသဉ္စ ဒွါရ ရ ရ သဉ္စ သ ဟ ဠကြီး အ။ အာ .. ငါ့နှယ်နော် ဘာတွေဖြစ်နေတာလဲ အရေးအကြောင်းဆိုမှ အယောင်ယောင်အမှားမှားတွေ ဖြစ်နေပြန်ပြီ ။
     ခြေလှမ်းတွေ သုတ်ခြေတင်ပြီးလျှောက်လိုက်တော့ မြေနီလမ်းလေးဆုံးလို့ ကတ္တရာလမ်းမပေါ်ရောက်လာတယ်။ ဒီအထိ ကိုယ်တော်ချောက လိုက်လာဆဲ။ ကတ္တရာလမ်းမပေါ်ရောက်တော့ စောစောက ဖလပ်ဖလပ်အသံက ရှပ် ရှပ် မြည်လာတယ်။
     ရှပ် .. ရှပ် .. ရှပ် .. ရှပ်
     ကျနော်မရတော့ဘူး။ ရှူရှူးတွေထွက်လို့ အီအီးတွေပါ ပါချင်လာပြီ။ နောက်ကျတဲ့ခြေထောက် သစ္စာပေါက်ဟဲ့ဆိုပြီး တစ်ချိုးတည်းပြေးလိုက်တာ အိမ်ရှေ့ကို ဘယ်လိုရောက်လို့ ရောက်လာမှန်းမသိတော့ဘူး။ မောရမှန်းမသိ ပမ်းရမှန်းမသိ။ နောက်လည်းလှည့်မကြည့်မိတော့။ အိမ်ခြံစည်းရိုးဝအရောက်မှာ ဖိနပ်တောင်မစီးနိုင်တော့ပဲ ခြံဝမှာတင် ဖိနပ်ကိုချွတ်ထားခဲ့ပြီး အိမ်ထဲပြေးဝင်ခဲ့တယ်။
     မောကြီးပမ်းကြီးနဲ့ အိမ်ထဲပြေးဝင်လာတဲ့ ကျနော့ကို ဘာဖြစ်လာတာလဲ ဝိုင်းမေးကြတယ်။ ဒါပေမယ့် ကျနော် စကားမေးတောင်မရပဲ သတိလစ်သွားတော့တယ်။ ဘယ်လောက်အချိန်ကြာသွားလဲ မသိဘူး။ ကျနော်သတိပြန်လည်လာတော့ မနက်ရှစ်နာရီခွဲနေပြီ။ ညကဖြစ်ပျက်ခဲ့တဲ့ အကြောင်းစုံကို အိမ်သားတွေအားလုံးကို ပြန်ပြောပြတော့ ကျနော့အဖေကို တစ်ယောက်တည်းလွှတ်ရပါ့မလားဆိုပြီး ဝိုင်းအပြစ်တင်ကြပါလေရော။ ကျနော့အဖေလည်း မျက်လုံး ပုတ်ခပ်ပုတ်ခပ်နဲ့ ဖြစ်နေရှာတယ်။ အမေကတော့ ငါ့သားလေး ကံကောင်းလို့ဆိုပြီး ပြောနေရှာတယ်။
     တကယ်ပါဗျာ။ ကျနော် ဒီလိုအဖြစ်အပျက်မျိုး တစ်ခါမှ မကြုံးဖူးခဲ့ဘူး။ သရဲဆိုတာတော့ ကြားဖူးတယ်။ လက်တွေ့ အခြောက်ခံရတာတော့ ဒါ ပထမဆုံး အကြိမ်ပဲ။ ဒီအကြောင်းကို ကျောင်းရောက်ရင် သူငယ်ချင်းတွေကို ပြန်ပြောပြရမယ်လို့ တေးထားလိုက်တယ်။
     ကျနော် လှဲနေရာက ထပြီး ရေမိုးချိုး ထမင်းစား အဝတ်အစားလဲပြီး ကျောင်းသွားဖို့ အိမ်ရှေ့ထွက်လာတော့ ဖိနပ်ကရှာမတွေ့ဘူး။ နောက်မှ သတိရတယ်။ ညက ကြောက်ကြောက်နဲ့ ခြံဝမှာ ချွတ်ထားခဲ့တာပဲ။ သွားကြည့်တော့ …
     ဟင် … ညကသရဲ
 ဟုတ်တယ် ညကခြောက်တဲ့သရဲက အခုထိရှိနေတုန်း။ ဒင်းက ကျနော့ဖိနပ်မှာ။ မနက်အလင်းကြီးဆိုတော့ ကြောက်စိတ်တွေလည်း မရှိတော့ဘူး။ ဘာရမလဲ သရဲကို ဂုတ်ကကိုင် ခါးလိမ်ချိုးပြီး ခြံထောင့်က အမှိုက်ပုံထဲ ပစ်ထည့်လိုက်တယ်။ ကိုယ့်ကိုယ်လည်း ငါကွလို့ ဟစ်လိုက်သေးတယ်။ သရဲကို ဂုတ်ကကိုင်ပြီး ခါးလိမ်ချိုးတာ ကျနော်တစ်ယောက်ပဲ ရှိတာမဟုတ်လား။ အခုအချိန်မှာ ကျနော် သရဲမကြောက်တော့ဘူး။ မကြောက်ဆို ကျနော် ဂုတ်ကိုင်ပြီး ခါးလိုက်ချိုးလိုက်တာ ညက ဘူတာရုံလမ်းမှာ နောက်က တကောက်ကောက်လိုက်ပြီး ဖလပ် ဖလပ် ရှပ် ရှပ်နဲ့ ခြောက်တဲ့ ကောက်ညှင်းထုပ်ဖက်ကြီး ဖြစ်နေတာကိုး။ ဟား ဟား ဟား ဟား …
     ညက ကြုံခဲ့ရတဲ့ ဘူတာရုံသရဲအကြောင်း ကျောင်းရောက်ရင် ဘယ်သူမှ ပြောမပြတော့ဘူး။
     နောင်လည်း ဘယ်သူ့ကိုမှ ပြောမပြတော့ဘူး ဟီး ဟီး …..


     နားပါဦးမည် …
 

     အောင်အေးချမ်း (ရင်စူးမြား)

ရင်ခွင်ဦးက စောင့်လို့ကြိုနေမယ်


တစ်ကြိမ် အခုရေးထားတဲ့ ကဗျာ
အချိန်လု ဖတ်ကြည့်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်။

နင်လာဖတ်မှာ ငါသိလို့
အမှာရှိတာလေးတွေ ပြောပါရစေ။


အချစ်ဆိုတာ
ဆာဟာရထဲက အိုအေစစ်
အလိုပြေပြစ်ဖို့ မလွယ်မှန်း
တကယ်တမ်းလည်း သိပါတယ်။

မမှီတဲ့ပန်း
အတည်နဲ့ မှန်းမိတဲ့ငါ
စမ်းမသိတဲ့ တံငါလို
လွမ်းမိမှ နာရတယ်။


မိုးရွာမှ ပွင့်ရမယ့် ပိတောက်လေးလို
မိုးကို မျှော်မျှော်ကြည့်ရတာလည်း မောလှပေါ့။
မိုးရေ ရွာပါတော့ဆိုပြီး
ဘဝနဲ့အချစ်ကို လွန်ဆွဲခဲ့ရတာလည်း
အကြိမ်ပေါင်း မနည်းတော့ပါဘူးရယ် …

တံတားဆိုတာ …
သွားဖို့ပါ ငါသိပေမယ့်
တိုင်မရှိတဲ့တံတား
ယိုင်ချိချိနဲ့ မှားခဲ့ပြီလားဟင်။

အင်းလေ …
အရင်းစစ်တော့
အတင်းချစ်ခဲ့တာ ငါ့အမှားပါ။

မျှော်လင့်မိတဲ့ နှလုံးသား
တော်သင့်၏လည်း မစဉ်းစားခဲ့တာကိုး။

ထားပါ …
အနားမလာတာက နင် …
( ငါ့ကို )
သနားစရာလို့ပဲ ထင်ချင်ထင်ပေါ့။

ရုတ်စွအဆုံး
ဒုက္ခနဲ့အမုန်းတွေ ပေးခဲ့ရင်တောင်မှ
ကျေနပ်စွာ နေတတ်မိနေမှာပါဟာ …

အခုတော့ …
တစ်ရက်မချန်
အဖက်မတန်သလို
မျက်မာန်လည်းမရှ ၊
အပျော်မကြူး
အငေါ်တူးလို့
မခေါ်ဘူးလို့လည်းမဆို ၊
တစ်နှစ်အကူး
အသစ်တစ်ဦးတွေ့လို့
မချစ်ဘူးလို့လည်း မပြော ၊
အညာလေးမောင်
အသာလေးလှောင်လို့
စာလေးတစ်စောင်လည်းမရေး ၊
ညာတာပါတေး
အသာအယာခွာပြေးလို့
ဘာညာသရကာလေးတောင်မှ မသိလိုက်ရပါပဲ
ထားရစ်ခဲ့တဲ့နင် …
အမှားဖြစ်ခဲ့ရင် ငါ တောင်းပန်ပါတယ် …

မကြင်လို့ပဲပစ်ပစ် ..
အချစ်လို့ပဲခွာခွာ ..
ငါ့ထိုက်နဲ့ ငါ့ကံ
ငါ့ကြမ္မာ ငါငင်ပစေတော့။

အသွင်အပြင်မထူး
နင်မကြင်ဘူးဆိုလည်း
ဒီရင်ခွင်ဦးကတော့ စောင့်လို့ ကြိုနေမြဲပါ …. ။      ။

အောင်အေးချမ်း (ရင်စူးမြား)

နှလုံးသားပြတိုက်

 
ဝင်လာကြည့်ပါခင်
မြင်သာသိမယ် တို့နှလုံးသားပြတိုက်
အမုန်းပွားမယ့် အမှိုက်တွေ စွန့်ပြီးသားကွယ်။

အမြင်ကပ်စရာ
ရင်ဘတ်မှာ ချစ်တယ်ဆိုတဲ့ စာတမ်းချိတ်ပြီး
စိတ်ကြီးလည်း မဝင်လို
ကြိတ်ပြီးလည်း သဝန်လည်း မတိုပါဘူးခင်
သူကြင်မှ ကိုယ်ကြင်
ငြိုငြင်ရင် ဟိုအရင်လို ငါ့အရုပ်လေးပြန်ပေး
အဲသလို ကလေးမဟုတ်ကြောင်း
တို့ပြတိုက်မှာ ကောင်းကောင်း လာကြည့်နိုင်ပါတယ်။

အဖြူရောင်သက်သက်
မြူတောင်မစွက်တဲ့ မေတ္တာတွေ
သစ္စာမြေမှာ ပန္နက်ခိုင်ကြည်လို့
တစ်သက်တိုင်တည်ဖို့ကြိုးစား
အဖိုးအစား မသားနား အခမထိုက်ချင်နေ
အခြားအခြားပြတိုက်တွေ ခင်ဝင်ပြေးပစေတော့
ဆင်ခြေလည်းမပေးပါဘူး
အထင်အမြင်သေးစရာလည်း တို့မမြင်
ကိုယ့်အကြင်နာ ကိုယ်သာထားတယ်
တို့နှလုံးသား ပြတိုက်ထဲ။

သြော် …
ကိုယ့်ပြတိုက်ထဲ ကိုယ်ဝင်
ကိုယ့်ကိုယ်ကို ပြန်မမြင်တဲ့ တို့
ဟန်ပြင်ဖို့လည်း တစ်ခါတစ်ခါမေ့တယ်
သဏ္ဍာန်ထင်ဖို့လည်း မကြာမကြာဝေ့လည်
အရာရာ ခင့်အတွက်သာ ဖြည့်လွယ်ခဲ့
တစ်ကွေ့ရယ်တဲ့ အကွာ
မေ့လွယ်တဲ့ အညာမလေးရဲ့ စွဲချက်
အသည်းထက်ကို ကွဲအက်အောင် ဟက်မတဲ့လား
ခင့်အမြက် အမုန်းပွား ခြကိုက်လို့နေပစေ
တို့နှလုံးသားပြတိုက်ကိုတော့ ထုဆစ်နေမြဲ ။       ။

အောင်အေးချမ်း (ရင်စူးမြား)

လုံးဝ မသက်ဆိုင်တော့ပါ

       ကျုပ် .. ခင်ဗျားတို့ အကြောင်းတွေ သိပ်မပြောချင်ဘူး။ ဖြစ်နိုင်ရင် ခင်ဗျားတို့နဲ့ မပါတ်သက်ချင်ဘူး။ မဆက်ဆံချင်ဘူး။ ကုန်ကုန်ပြောမယ်ဗျာ ခင်ဗျားတို့နဲ့ဆို လုံးဝ လုံးဝ မသက်ဆိုင်ချင်ဘူးဗျာ။
xxxxxxxxxxxxxxxx
       ခက်တာက ကျုပ် ခင်ဗျားတို့ အကြောင်းတွေ ပြောမပြရင် ကျုပ် ဘာကြောင့် ခင်ဗျားတို့နဲ့ မသက်ဆိုင်ချင်ရတာလည်း သိကြမှာ မဟုတ်ဘူး။ ဒီတော့ ခင်ဗျားတို့ရဲ့ မှောင်မိုက်နေတဲ့ ကိုယ်ကျင့်တရားတွေ၊ ခင်ဗျားတို့ရဲ့ အစွန်းထွက်နေတဲ့ သိက္ခာတွေ။ ခင်ဗျားတို့ရဲ့ အကြင်နာခေါင်းပါးတဲ့ လူမဆန်မှုတွေ၊ ခင်ဗျားတို့ရဲ့ အဆုံးမသတ်နိုင်တဲ့ လောဘ ဒေါသ မောဟတွေ၊ ခင်ဗျားတို့ရဲ့ ခြစားပျက်စီးနေတဲ့ စိတ်ဓါတ်တွေအကြောင်း ပြောပြရတော့မှာပဲ။
       ကျုပ်က ဘာလဲ၊ ဘယ်သူလဲ၊ ဘယ်လိုအတန်းအစားလဲ။ ဒါက ခဏထားပါ။ ခင်ဗျားတို့ကို ပြောပြလို့ရော ဘာထူးမှာလည်း။ ခင်ဗျားတို့ ဦးနှောက်ထဲမှာ ကျုပ်လိုကောင်က ပမွှားပဲ ရှိနေမှာပါ။
       မင်း ဒီလိုတော့ ဝါးလုံးချေးသုတ်ရမ်းပြီး မျက်စေ့စုံမှိတ်ပြောမနေနဲ့။ ငါတို့က မင်းပြောတဲ့ အတန်းအစားထဲက မဟုတ်ဘူးကွလို့ ခံငြင်းမလား။
       ဟားဟားဟားဟား လို့တောင် လက်ညှိုးငေါက်ငေါက်ထိုးပြီး ရယ်လိုက်ချင်သေးတယ်။ ခင်ဗျားတို့ ပြောပြောနေတဲ့ စကားလို ဒါမျိုး တောမှာသွားပြော ကြားလား။
       ဒီစာဆုံးလို့ ကျုပ် ဘယ်လိုကောင်ဆိုတာ သိရင် ခင်ဗျားတို့လည်း ဘယ်လိုလူတွေဆိုတာ ငြင်းမရအောင် ရုပ်လုံး ပေါ်လာမှာပါ။ အခုတော့ ခဏစောင့်။ ကျုပ်ပြောချင်တာတွေ ပြောဦးမယ်။
 xxxxxxxxxxxxxxxx
       အော် လူတွေ လူတွေ။
       ကျုပ် နိစ္စဓူဝ တွေ့နေ မြင်နေ ကြားနေရတာ စိတ်မချမ်းသာလိုက်တာ။ ငါဆိုတဲ့ အတ္တတွေ ခေါင်းပေါ်ရွက်ပြီး လိုက်ရောင်းလိုရောင်း။ ဘူအသိ ကိုးမသိနဲ့ အကျင့်ပျက်ခြစားမှုတွေ ချဒေါင်းလိုဒေါင်း။
       အနစ္စ ဒုက္ခ အနတ္တ ဆိုတာ ချိုနဲ့လားလို့ မေးသူကမေး။ ဟာဟ ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော။
       တရားမရှိ ဘုရားမသိ အမှားမကြည့်တဲ့ ခင်ဗျားတို့အကြောင်းတွေ ပြောပြရင်လည်း ကုန်မှာ မဟုတ်ဘူး။ ဒီတော့ ကျုပ်နဲ့ ပါတ်သက်ခဲ့ဖူးတာတွေအကြောင်းပဲ လိုရင်းတိုရှင်း ပြောတော့မယ်။
       ဘယ့်နှယ်ဗျာ … ကြီးသူလည်း မရိုသေ ရွယ်တူလည်း မလေးစား ငယ်သူလည်း မသနားတဲ့အပြင် ကျုပ်လို နိမ့်ပါးတဲ့ကောင်ပေါ်တောင်မှ အကြင်နာတရား စိုးစင်းလေးတောင်မှ မရှိတဲ့ ခင်ဗျားတို့တွေကို ကျုပ်မှာသာ လုပ်ပိုင်ခွင့်ရှိရင် အဝီစိမှာ ချုပ်ထားလိုက်ပြီ အဟုတ်။

       ကျုပ်မှာ ကိုယ်ပိုင်တာဆိုလို့ ဘာတစ်ခုမှ မရှိဘူး။ အိမ်မရှိဘူး။ ခြံမရှိဘူး။ ကားမရှိဘူး။ တယ်လီဖုန်းမရှိဘူး။ ကွန်ပျူတာမရှိဘူး။ အဖေမရှိဘူး။ အမေမရှိဘူး။ မိန်းမမရှိဘူး။ ကလေးမရှိဘူး။ အိုဗျာ .. စားစရာတောင်မှ မရှိဘူး မှတ်ထား။ ကျုပ်က လမ်းပေါ်မှာနေ ၊ ကြုံရာမှာအိပ် ၊ အလုပ်အကိုင်မရှိ ၊ ပေးတာယူ ၊ ကျွေးတာစား ၊ ရုပ်ကလည်းဆိုး ၊ ရောဂါကလည်းထူ။ ကျုပ်လိုကောင်မျိုး ခင်ဗျားတို့အိမ်မှာ ခေါ်ထားမလား။ ဝေးသေးတယ်။ မြေကြီးလက်ခပ်တာမှ လွဲဦးမယ်။ ခင်ဗျားတို့အပေါ် အထင်တွေကတော့ လုံးဝမလွဲဘူး။
       ခင်ဗျားတို့တွေပေါ့ ကိုယ့်ကိုယ်ကို မာန်တက်နေတဲ့လူတွေ ကျုပ်ကိုတွေ့ရင် ထွီခနဲ တံတွေးနဲ့ ထွေးလိုထွေး။ ခြေထောက်နဲ့ ကန်လိုကန်။ အဲဒါကောင်းလား။ ဘယ်မလဲ မေတ္တာတရား။ စားစရာမရှိလို့ အသနားခံတောင်းပါတယ်။ ခင်ဗျားတို့ အဖက်မတန်သလို ပါးစပ်ထဲက အပုပ်မစပ်တွေတိုင်းထွာပြီး မောင်းထုတ်လိုထုတ်။ ဒါလား ဂရုဏာတရား။
       ကျုပ်တစ်ခုလောက်မေးမယ်။ ကျုပ်လို စုတ်ပြတ် ပေတေ နူဝဲစွဲနေတဲ့ကောင်ကို ခင်ဗျားတို့ပိုင်တဲ့ ကုမ္ပဏီမှာ အလုပ်ခန့်မလား။ ဝေးသေးတယ်။
       ဒါဆို ခင်ဗျားတို့အိမ်မှာရော။ နိုးပါ။
       ဒါဖြင့် ခင်ဗျားတို့ ကားဂိုဒေါင်မှာရော။ ဟင့်အင်း။
       နောက်ဆုံးဗျာ ခင်ဗျားတို့ရဲ့ ခြံအပြင်ဘက်မှာပဲဖြစ်ဖြစ် လုံခြုံရေးပေါ့။ လုံးဝပဲ။
       သိနေတယ်လေ သိနေတယ်။ ခင်ဗျားတို့က အဆင့်အတန်းတွေ သိပ်ခွဲခြားတတ်တယ်။ ရာထူးလေး နိမ့်ရင် ဟောက်ချင်တယ်။ ငွေရေးကြေးရေး ချို့တဲ့ရင် ခိုင်းစားချင်တယ်။ ဘယ်မှာလဲ ခင်ဗျားတို့ ပြောပြောနေတဲ့ ဗြမ္မာစိုရ်တရားလေးပါး။ အလကား လူလိမ်တွေ။ တစ်ယောက်ကိုတစ်ယောက် လိမ်နေကြတယ်။ မျက်နှာမှာ သနပ်ခါး ပေါင်မှာသေးကြောင်းနဲ့ဆိုတာ ခင်ဗျားတို့တွေပေါ့။
       ပြောစမ်းပါ။ ငါကတော့ ငါးပါးသီလလုံတယ်လို့ မြေကြီးလက်ဆုပ်ပြီး ပြောကြည့်လိုက်စမ်းပါ။ ဟားဟားဟားဟား မပြောရဲတော့ဘူး မဟုတ်လား။ ခင်ဗျားတို့တွေ လူလူချင်းသာ လိမ်လို့ရမယ်။ ဘုရားကို လိမ်လို့မရဘူး။ တရားကို လိမ်လို့မရဘူး။ ကိုယ့်ကိုယ်ကို လိမ်လို့မရဘူး မြဲမြဲမှတ်ထား။

       ဟိတ် .. ဟိတ် .. ဟိုလူ။ ခင်ဗျား ဘာလို့ အုတ်ခဲကိုင်ပြီး ကျုပ်ကိုရွယ်ထားတာလဲ။ ကျုပ်ပြောနေတာ ခင်ဗျားနာမည်တပ်ပြီး ပြောလို့လား။ ခင်ဗျားဘာသာ အနာပေါ် တုတ်ကျတာပဲ။ မတတ်နိုင်ဘူး။
       ဟေ့ ဟေ့ ဟေ့လူ ၊ မလုပ်နဲ့နော် မပစ်နဲ့နော်
       ဝှူး … မလွယ်ဘူး။ ဒီလူ့အုတ်ခဲစာ မမိအောင် တော်တော်လေး ပြေးလိုက်ရတယ်။ မတော် အုတ်ခဲကျိုးမှန်လိုက်ရင် ပိန်သေးသေး အင်အားချိနဲ့တဲ့ ကျုပ် တစ်ခါတည်း အသက်ထွက်သွားမှာ။
       မောကလည်းမော ဗိုက်ကလည်းဆာ ညကလည်းမှောင်ပြီ ဘယ်မှာဘာရမလဲ။ ကျုပ်ကို တစ်ခုခု ဘယ်သူကျွေးကြမလဲ။
       ခင်ဗျားတို့တွေ ကျွေးမလား။ မထင်ပေါင်။ ခင်ဗျားတို့ မကောင်းကြောင်း ထောင်းလပေါင်းထအောင် ကျုပ်ပြေနေမှတော့ စေတနာတွေ ဝေးပြီပေါ့။ အဟက်။
       အဲဒါပဲ ခင်ဗျားတို့ရဲ့ ပင်ကိုယ်စရိုက်။ မျက်နှာလေးကသာ လပြည့်ဝန်းကြီးလို ချိုသာနေတာ။ နှလုံးသာထဲမှာတော့ ကျည်တောက်ထဲက ခွေးမြှီးပဲ။
       တကယ်တမ်း ပြန်တွေးကြည့်တော့ ခင်ဗျားတို့ မကောင်းကြောင်းတွေ ပြောရတာ အရေမရ အဖတ်မရဗျာ။ ကျွဲကို စောင်းတီးပြလို့လည်း နားလည်မှာမှ မဟုတ်တာ။
       ဒီတော့ ဆက်မပြောတော့ဘူး။ ခင်ဗျားအကြောင်းတွေလည်း ထပ်မတွေးတော့ဘူး။ ခင်ဗျားတို့နဲ့လည်း မဆက်ဆံချင်တော့ဘူး။
       အိုဗျာ .. ရှုပ်တယ် … ခင်ဗျားတို့နဲ့ လုံးဝ မသက်ဆိုင်တော့တာကောင်းတယ်။
       ဒါဆို ကျုပ်ဘာလုပ်ရမလဲ။ ခင်ဗျားတို့လို လူဖြစ်ပြီး လူစိတ်မရှိတဲ့သူတွေနဲ့ ဝေးအောင် ကိုယ့်ကိုယ်ကို သတ်သေလိုက်ရမလား။ ဒါလည်း ကောင်းတာပဲ။ ကျုပ်ဘဝက နေမထူး သေမထူး စားရာမဲ့ သောက်ရာမဲ့ ဆွေမရှိ မျိုးမရှိ တစ်ကောင်ကြွက် … အဲ အဲ တစ်ကောင်ခွေး။
       ဟုတ်တယ်လေ ကျုပ်က လမ်းပေါ်နေ လမ်းပေါ်အိပ် ပေးတာယူ ကျွေးတာစားတဲ့ အိမ်တိုင်ယာမဲ့ ခွေးဝဲစားလေးပဲ။ ကြွက်မှမဟုတ်တာ။ ပြီးတော့ ခင်ဗျားတို့လို လူလည်း ဟုတ်မှ မဟုတ်တာ။ ဒါကြောင့်လည်း ခင်ဗျားတို့က ကျုပ်ကို အဆင့်အတန်းခွဲခြားကြတာပေါ့။ မောင်းထုတ်ကြတာပေါ့။ အလုပ်မပေးကြတာပေါ့။ စေတနာမဲ့ကြတာပေါ့။ မေတ္တာခေါင်းပါးကြတာပေါ့။
       ကျုပ်သာ ခင်ဗျားတို့ အိမ်မှာ မွေးထားတဲ့ တယ်လီယာခွေးလေး ဖြစ်ကြည့်ပါလား။ ခင်ဗျားတို့ ကုတင်ပေါ်မှာတောင် တင်သိပ်ထားကြဦးမှာ ဟုတ်ဘူးလား။
       နေပါဗျာ ကျုပ်ဘဝနဲ့ကျုပ်ပဲ ရှိပါစေတော့။ ကျုပ်ရဲ့ လက်ရှိဘဝကြီးကိုလည်း စိတ်ကုန်ပါပြီ။ ကားလမ်း ဟိုဘက်က ချောင်းထဲခုန်ချပြီး အဆုံးစီရင်လိုက်တော့မယ်။
       အဲ .. နေဦး ကားလာနေတယ်။ မတော် တိုက်သွားမှ။ ဟာ .. ဟုတ်သေးပါဘူး။ ကျုပ်က သေချင်နေတဲ့ကောင်ပဲ တိုက်သွားတော့ မြန်မြန်ကိစ္စချောသွားတာပေါ့။ အခုတော့ ကားက ကျော်သွားပြီ။
       ဟာ … ကားပေါ်က အထုပ်တစ်ထုပ် ကျလာတယ်။ ဘာထုပ်ဖြစ်မလဲ။ ပြေးကြည့်လိုက်စမ်းမယ်။ အမယ် အမယ် အသားထုပ်ကြီးဟ။ စားရကံကြုံတော့လည်း သေမယ့်ဆဲဆဲတောင့် ရိက္ခာက ရောက်လာသေး။ လာထား မသေခင် အဝစားလိုက်မယ်။
       စားရင်းနဲ့ ဘာလို့ ကျုပ်မူးနောက်နောက် ဖြစ်လာပါလိမ့်။ ဟင် … ဒါ ဒါ အဆိပ်
       အဆိပ်ခပ်ထားတဲ့ အသားတုံး .. လူတွေ ရက်စက်လိုက်တာ .. ကျုပ်ကို လူတွေ လုပ်ကြံတယ် ..
       မျက်လုံးတွေ ပြာလာပြီ .. ဘာမှ မမြင်ရတော့ဘူး .. ရေငတ်လိုက်တာ .. ရေ .. ရေ ..
       ရေပေးကြပါ .. ရေပေးကြပါဗျာ

       ဟေ့ ဟေ့ ဟိုခွေးနား မကပ်ကြနဲ့ ခွေးရူးလားမသိဘူး .. ဒယီးဒယိုင်နဲ့ သွားရည်တွေကျနေတယ်

       မဟုတ်ဘူး .. ကျုပ် ခွေးရူး မဟုတ်ဘူး .. ကျုပ် အဆပ်မိနေတာ … အမလေး ပူတယ် … ရေပေးကြပါ ..
       ဘယ်သူမှလည်း ရေလာမတိုက်ကြဘူး .. ဘယ်သူမှလည်း လာမကယ်ကြဘူး .. လူတွေ .. အလကားလူတွေ ..
       ခင်ဗျားတို့ အ .. လ .. ကား .. လူ .. တွေ
       ခင် .. ဗျား .. တို့ .. နဲ့ .. ကျုပ် .. ဘ .. ဝ .. အ .. ဆက် .. ဆက် ..
       လုံး .. ဝ .. မ … သက် …. ဆိုင် ….. တော့ …… ဘူး …….

 
       နားပါဦးမည် …

ဖိုးစည်

အဆာပြေ

ရွှေငါး ငွေငါး စိန်ငါး
သိန်းတစ်ရာ့ငါးဆယ်လား
ပါးပါးလေးမှ ပါးပါး
အဲဒီကား ဝယ်ပေးနိုင်ပါတယ်။

 


ကွန်ဒိုတိုက်ခန်း
မှန်းစမ်းဘယ်လောက်
ဒါများကြောက်စရာလုပ်လို့
သဲဖို့နှစ်ခန်း သုံးခန်း
ဈေးမဆစ်တမ်း ဝယ်ပေးမယ်။

 





အထည် ဆန်းဆန်းဒီဇိုင်း
119 လည်း NO ပါ။
 အဖိုးတန် ရွှေငွေ ကျောက်
ဘာနန်းတော် ညာနန်းတော်လည်း ခေါက်ပါ။

 ဒေါက်ဖိနပ် ထီး လက်ကိုင်အိတ်လား
ယုဇနပလာဇာလည်း နားပါ။






 အပိုမဟုတ်
အကိုထုတ်ပေးတဲ့ငွေနဲ့
ဗိုလ်ချုပ်ဈေးမှာ သွားဝယ်ရမယ်။

 
 ဟင့်အင်းသဲရာ ..
ထပ်မပူဆာနဲ့
လိုချင်တာ အားလုံးရမယ်
ဟောဒီမယ် တစ်စောင်ထဲ
အိပ်ကပ်ထဲကသုံးရာ
စိတ်အဆာပြေလေး
သိန်းထောင့်ငါးရာထီ ပြေးထိုးလာတယ်။



 ခုတော့ .. သဲရေ
ချွဲမနေနဲ့
ပဲရေပွလေးပြုပ်
ဆီဆားကြက်သွန်နဲ့သုပ်လို့
ကျုပ်ကို ဗိုက်အဆာပြေလေး ကျွေးစမ်းပါ။     ။



ဆန္ဒနှင့်ဘဝ ထပ်တူကျနိုင်ပါစေ …

ကြိုးစားပါဦးမည် …

ဖိုးစည်

ထီးကလေး ပြန်ပေးပါ

ထီးကလေး ပြန်ပေးပါ

           ရုတ်ခနဲ မိုးက ရွာချလာတော့ ကျောင်းစာအုပ်တွေ ရေမစိုအောင် အမိုးအောက်တစ်ခုဆီ အပြေးကလေး သွားခဲ့ရတယ်။ ဒီရက်ပိုင်းအတွင်း မိုးကမရွာတော့ ထီးမယူလာဖြစ်ခဲ့တာ ကျနော့အမှား။ မေမေက ကျနော်ကျောင်းသွားတိုင်း ထီးယူသွားဖို့ အမြဲမှာတတ်သည်။ အခုပုံစံသာ မေမေမြင်လျှင် အရင်လို မျက်စောင်းလေး ထိုးလေမလား။
            ‘သတိရလိုက်တာ မေမေရယ်’
            မိုးက တော်တော်နဲ့ မစဲတော့ ညီမလေးရဲ့ ငါးတန်းအခန်းဆီ ဘယ်လိုသွားရပါ့။ ညီမလေး ကျနော်လာအကြိုကို မျှော်နေရှာရော့မယ်။ ညီမလေး အားငယ်နေသလား။ ညီမလေး ငိုနေသလား။ ဒီလိုတွေးမိမှ စိတ်ထဲ ဝမ်းနည်းလာသလိုလို။
            လွယ်အိတ်လေး ခေါင်းပေါ်မိုးတင်ပြီး ညီမလေး အတန်းဆီ အပြေးကလေး သွားမိတယ်။
            ထင်တဲ့အတိုင်း ညီမလေးပါးပြင်မှာ မျက်ရည်စတွေနဲ့။
            “ကိုကို့ကို ညီမလေး မျှော်နေတာ”
            အားငယ်ဝမ်းနည်းတဲ့ မျက်နှာလေးနဲ့ ညီမလေးက ကျနော့လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ လက်ကလေးနဲ့ ညီမလေးခေါင်းကို ဖွဖွလေး ပွတ်သပ်ပေးလိုက်တော့ မော့ကြည့်လာပြီး
            ‘အရင်လို မေမေ လာကြိုရင် ကောင်းမှာပဲနော်’ … တဲ့။
            ကျနော် မျက်ရည်တွေ မကျအောင် မနည်းချုပ်တည်းထားလိုက်ရသည်။ ကျနော်ငိုရင် ညီမလေး ပိုဆိုးသွားမှာပေါ့။ ကျနော် ငိုလို့ မဖြစ်ဘူးလေ။ ကျနော်က အကိုကြီးဆိုတော့ အဖအရာလို နေပြရမှာပေါ့။ ဒါပေမယ့် ကျနော်က ငယ်ပါသေးတယ်။ ညီမလေးက ဆယ်နှစ်။ ကျနော်က ၁၂နှစ်ကျော်လို့ ၁၃နှစ်ထဲမှာပဲ ရှိသေးတာ။
            အနားမှာ ဘယ်သူမှ မရှိတဲ့အချိန်မှာ ကျနော်က ညီမလေးအတွက် အားဆေးတစ်ခွက်ပါ။ ကျနော့်ကို မေမေမိုးပေးခဲ့တဲ့ ထီးကလေး တစ်လက်လို ညီမလေးအတွက် ကျနော်ကလည်း ထီးကလေးတစ်လက် ဖြစ်စေရမယ်။
           “ညီမလေးတို့ ဘယ်လိုပြန်ကြမလဲဟင် ကိုကို့မှာ ထီးပါမလာဘူးလား”
           “မေ့လာတယ် ညီမလေးရယ်”
           “မေမေသာရှိရင် မေ့မှာ မဟုတ်ဘူးနော်”
            ခေါင်းညှိတ်ပြရင်း မေမေ့ကို သတိရမိပြန်သည်။ မေမေဘာလို့ ခွဲသွားတာလဲ။ သည်အတွေးကို မတွေးချင်ပဲ တွေးနေမိပြန်သည်။ ကျနော့်အသက်အရွယ်နဲ့ ကျနော့်အတွေးတွေက လွန်ကဲနေသလား။ အသက်အရွယ်နဲ့တော့မဆိုင်။ ခံစားချက် ရှိလာပြန်တော့ အတွေးတွေ သူ့အလိုလို ဖြစ်လာတာပါ။ ညီမလေးရော ကျနော့်လို တွေးနေတတ်ပြီလား။ သနားလိုက်တာ ညီမလေးရယ်။
          “ကိုကို ဘာလို့ ထီးမယူလာတာလဲ မေမေ့ကို သတိမရတော့လို့လား”
           မေးရက်လိုက်တာ ညီမလေးရယ်။ မေမေ့ကို နေစဉ်နဲ့အမျှ သတိရနေတာပေါ့။ ဖြစ်နိုင်ရင် မေမေ့ကို အခုပဲ ပြန်လာစေချင်တယ်။ ထီးကလေးထက် တကယ့်အရိပ်စစ် မေမေပဲ လိုအပ်တယ်လေ။
           မေမေ ဘာလို့ ခွဲသွားရတာလဲ။ သားတို့ကို မချစ်တော့လို့လား။ သားတို့ထက် ချစ်ရမယ့်သူ ရှိနေလို့လား။ ကျနော် ခေါင်ခါရမ်းလိုက်မိသည်။ ဆက်တွေးရင် ကျနော် ငိုမိမည်။ ကျနော်ငိုရင် ညီမလေးလည်း ငိုပါလိမ့်မည်။
          “မိုးတိတ်ပြီ ညီမလေး ပြန်ကြရအောင်နော်”
          “ဟုတ်ကဲ့ကိုကို နောက်တစ်ခါ မေမေပေးတဲ့ထီလေး ဘယ်တော့မှ မမေ့နဲ့နော်”
          “စိတ်ချ ညီမလေး ကိုကို ကတိပေးတယ် နောက်တစ်ခါ ဘယ်တော့မှ မမေ့စေရဘူး”
          ညီမလေးက ပြုံးတယ်။ ဒါပေမယ့် မချိပြုံးလေးရယ်ပါ။ ကျနော်လည်း ရယ်လိုက်တယ်။ ဒါပေမယ့် အသက်မပါ။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

         ထိုညက တစ်ညလုံး တော်တော်နှင့် အိပ်မပျော်။ ညီမလေးရော ဘယ်လိုနေမလဲ ငဲ့စောင်းကြည့်ဖြစ်တော့ မျက်ရည်လေးအဝဲသားနဲ့ ကျနော့်ကို ကြည့်နေတာ တွေ့ရတယ်။
        “ညီမလေး မအိပ်သေးဘူးလား”
        “ဟင့်အင်း .. ကိုကိုရော မအိပ်သေးဘူးလား”
        “အိပ်တော့မယ်လေ .. ညီမလေးလည်း အိပ်တော့”
        “ကိုကို”
        “ဘာလဲ ညီမလေး”
        “မေမေ ဘယ်တော့ ပြန်လာမှာလဲဟင်”
        ကျနော် ဘယ်လို ပြန်ပြောရမှာလဲ။ ကျနော်မှ မသိတာ။ ကျနော့်ကိုလည်း ဘာမှ ပြောမသွားတာ။ နင့်ကနဲ တစ်ချက် ခိုးရှိုက်ဖြစ်သည်။ ကျနော်လည်း ညီမလေးလိုပဲ မေးချင်မိပါတယ်။ မေမေဘယ်တော့ ပြန်လာမှာလဲလို့။
        “မကြာခင် ပြန်လာမှာပေါ့ ညီမလေးရယ် အိပ်တော့နော်”
        မေမေပြောခဲ့ဖူးတဲ့ ပုံပြင်လေးတွေကို သိသလောက် မှတ်မိသလောက်ပြန်ပြောပြရင်း ညီမလေးကို ချော့သိပ်ကာ မေမေ့ကို တမ်းတနေမိတယ်။
         ဒီအချိန်မှာ မေမေက ကျနော်တို့ကို ပုံပြောပြနေကျလေ။ မေမေမရှိတော့ မေမေ့ကိုယ်စား ညီမလေးကို ကျနော်က ပုံပြောပြရသည်။ တကယ်ဆို မေမေပြောပြတဲ့ ပုံပြင်တွေ သားနားထောင်ချင်ပါသေးတယ် မေမေ။
        “ထီးကလေး ပြန်ပေးပါ ၊ သမီးတို့ရဲ့ ထီးကလေးပြန်ပေးပါ ၊ ဟီး …”
        ဘယ်အချိန်မှာ ကျနော် အိပ်ပျော်သွားလည်း မသိဘူး။ ညီမလေးရဲ့ ငိုပြီး ပြောသံတွေကြောင့် ကျနော် လန့်နိုးသွားတယ်။
        “ညီမလေး ညီမလေး ဘာဖြစ်တာလဲ”
        “ကိုကို ညီမလေးတို့ ထီးလေးမရှိတော့ဘူး မေမေက သူများကို ပေးလိုက်တယ် ဟီး … ထီးကလေး ပြန်ပေးပါ”
        သြော် … ညီမလေးက ထီးကလေးကို စိတ်စွဲပြီး အိပ်မက်မက်နေသည်ပဲ။ အိပ်မက်ထဲမှာ ထီးကလေးကို မေမေက သူများပေးလိုက်တယ်တဲ့။ တိုက်တိုက်ဆိုင်ဆိုင်ရယ် …
        မေမေက ကျနော်တို့ မောင်နှမနှစ်ယောက်ဆောင်းဖို့ ထီးကလေးတစ်လက် ဝယ်ပေးခဲ့တယ်။ ဒီထီးကလေးနဲ့ပဲ ကျနော်တို့မောင်နှမ ကျောင်းသွားကျောင်းပြန် ဆောင်းနေကျ။ ဒီထီးကလေးကို ကျောင်းသွားတိုင်း ယူသွားဖို့ မေမေအမြဲမှာတတ်သည်။ မိုးရွာရွာ နေပူပူ သားတို့မောင်နှမ မေမေပေးတဲ့ ထီးကလေးကိုဆောင်းတဲ့။ သားတို့အနားမှာ မေမေ့ကိုယ်ပွား ထီးကလေးက အမြဲတမ်း လုံခြုံမှုတွေ ပေးနေမှာတဲ့။
        မေမေမရှိတဲ့နောက်မှာ မေမေပေးခဲ့ဖူးတဲ့ ထီးကလေးကိုပဲ မေမေလို့ သတ်မှတ်ပြီး ချစ်နေခဲ့ရတာ ကြာပြီလေ။ ဒီထီးကလေးကိုမှ မေမေက သူများကို ပေးလိုက်သည် သူစိမ်းတစ်ယောက်ကို ပေးလိုက်သည်ဆိုတော့ …
        အိပ်မက်မှန်းသိလျှက် ညီမလေးနဲ့အပြိုင် ကျနော်လည်း ငိုလိုက်မိပါသည်။
        ထီးကလေး ပြန်ပေးပါ ...
        ကျနော်တို့ရဲ့ ထီးကလေး ပြန်ပေးပါ ... ... ...

 
(သားသမီးတို့ရဲ့ အလုံခြုံဆုံးအရပ်မှာ မိဘအရိပ်သည်သာ ဖြစ်ချေ၏)

        ကြိုးစားပါဦးမည် …

   အောင်အေးချမ်း (ရင်စူးမြား)

ကိုယ်ကြိုက်တာ ကိုယ်လုပ်


     ဒီကနေ့ ဘယ်မှသွားစရာမရှိတာနဲ့ ခြံထဲဆင်းပြီး ပက်လက်ကုလားထိုင်တစ်လုံးပေါ်ထိုင်ကာ စာဖတ်နေတုန်း ကျောင်းပိတ်လို့ လာလည်တဲ့ သမီးက ခြံထဲမှာ သူ့အရွယ် သူငယ်ချင်းတွေနဲ့ ကစားဖို့ ပြင်ဆင်နေတယ်။
     ဘာကစားဖို့ လုပ်နေလည်းတော့ မသိဘူး ၊ ကစားနည်းအတွက် ကျနော်တို့ ငယ်ငယ်တုန်းကလိုပဲ လူရွေးဖို့ လက်တွေကို အပေါ်မြှောက်လိုက် ရှေ့ထိုးလိုက် ခါးထောက်လိုက်နဲ့ လုပ်နေကြတယ်။ ပါးစပ်ကလည်း အော်လို့။
“ဗိုလ် ကျား သေနပ် ကိုယ်ကြိုက်တာကိုယ်လုပ်”
     သူ့တို့ကိစ္စပြီးတော့ ကစားဖို့ ကျနော့အနားက ပြေးလွှားထွက်သွားချိန်မှာ ခြံထဲကို လူနှစ်ယောက် ဝင်လာတာတွေ့ရတယ်။ ဘယ်သူတွေများလဲဆိုပြီး မျက်မှန်အပေါ်က အဝေးကို ကျော်ကြည့်လိုက်တော့
ဖိုးစည်ရဲ့ တပည့်လေး နှစ်ဦးဖြစ်တဲ့ အလင်းငှက်နဲ့ နှင်းနှင်း။
"မင်္ဂလာပါ လေးလေး”
“အားလုံး မင်္ဂလာပါ ဘယ်ကမျက်စိလည် လမ်းမှားပြီး ရောက်လာကြတာလဲ”
“လမ်းမှားပြီး လာတာမဟုတ်ပါဘူး လေးလေးရ လေးလေးဆီ သက်သက်လာတာ”
“အံမယ် အံမယ် ကိစ္စထူးရှိလို့လား”
“ရှိတယ်လေးလေး”  ဆိုပြီး ကျနော့ကို သူတို့နှစ်ယောက် အိမ်ပေါ်ကိုဆွဲခေါ်ပြီး ကုလားထိုင်မှာ
ထိုင်ခိုင်းတယ်။ ပြီးတော့ လက်ထဲကို အထုပ်တစ်ထုပ်ထည့်ပေးပြီး နှစ်ဦးသား ကိုယ်စီကိုယ်စီ
လက်အုပ်လေးတွေချီကာ ကန်တော့ကြပါလေရော။
“ဟ ဟ ဒါက ဘာလုပ်ကြတာတုန်း”
“လေးလေးကို ကန်တော့ကြတာလေ”
“တစ်ခုခုတော့ မှားနေပြီထင်တယ် သီတင်းကျွတ်လည်းမရောက်သေးပဲနဲ့ အခုမှ ဝါဆိုပဲ ရှိသေးတာ ဖြစ်ချင်းဖြစ် ဝါဆိုသင်္ကန်းကပ်ပဲ ဖြစ်ရမှာ ဝါဆိုသင်္ကန်းကပ်တယ်ဆိုရင်လည်း သံဃာတော်တွေကို ကပ်ရမှာလေ အခုဟာက …”
“အခုဟာက လေးလေးကို သီးသန့် လာကန်တော့ကြတာလေ”
“ဘာအတွက်”
“မနောရွှေစင် ပရဟိတအတွက်ပါ ဒီအလှူပွဲမှာ လေးလေးရဲ့ သြဝါဒတွေနဲ့ အောင်အောင်မြင်မြင်
ပြီးမြောက်ခဲ့ပြီး မအားလပ်တဲ့ကြားက သမီးတို့နှစ်ယောက် အတင်းပူစာလို့
စိတ်ရောကိုယ်ပါ ဝိုင်းဝန်းအားဖြည့် ဦးဆောင်ပေးခဲ့တဲ့အတွက်ပါ”
“ကောင်းလေစွ ကောင်းလေစွ တကယ်အသိစိတ်ဓါတ်ရှိပြီး သဒ္ဓါတရားပြည့်ဝတဲ့ လူငယ်လေးတွေပဲ”
“ဟင် လေးလေး ဒါပဲလား ဆုလေးဘာလေး မပေးတော့ဘူးလား”
“ဆုမပေးတတ်ဘူးဟ”
“လေးလေးကလည်း အလှူပွဲပြီးတဲ့ နေ့တုန်းကတော့ ဆုတောင်းကဗျာကို ရွှန်းရွှန်းဝေအောင် ရေးပြီးတော့”
“အဲဒါက ကဗျာလေ လေးလေးက စာပဲရေးတတ်တာ ပါးစပ်က အဲလိုတွေ မပြောတတ်ဘူး”
“ဘာပဲဖြစ်ဖြစ်ပေါ့ လေးလေးရာ ဘုန်းကြီးပါစေ သက်ရှည်ပါစေ ရန်သူမျိုးငါးပါး အနာမျိုးကိုးဆယ့်ခြောက်ပါး မှကင်းဝေးပါစေ စိတ်သွားတိုင်းကိုယ်ပါပြီး လိုအင်ဆန္ဒ တစ်လုံးတစ်ဝတည်း ပြည့်စုံပါစေ အဲဒါမျိုးပေါ့”
“အဲဒါတွေ အားလုံးပြည့်စေ”
“အာ … လေးလေးတို့ လုပ်ချလိုက်ပြန်ပြီ လေးလေးပါးစပ်ကပြောတာ ကြားချင်တာ”
“အဲလိုတွေ ပြောတတ်ပါဘူးဆိုမှ ဇွတ်”
“ပြောတတ်သလိုပြောပေါ့”
“ဒါဖြင့် ခဏ ဘယ်လိုပြောရမလဲ စဉ်းစားလိုက်ဦးမယ်”
“ဟုတ် ဟုတ်”
   ဘာလိုဆုပေးရမလဲ အပြေးအလွှားစဉ်းစားလိုက်တော့ စောစောက
သမီးတို့ကစားနေတာလေး သတိရလိုက်တယ်။ အဲဒါကိုပဲ ဆုအဖြစ်ပေးလိုက်မိတယ်။
“ကိုယ်ကြိုက်တာ ကိုယ်လုပ်”
“ဟင် .. ဘာကြီးလဲ လေးလေးရ ကိုယ်ကြိုက်ကိုယ်လုပ်ဆိုတာ”
“သူများနဲ့ မတူအောင် ဆုပေးတာလေ”
“သမီးတော့ နားမလည်ဘူး”
“ဟုတ်တယ် လေးလေး ကျနော်လည်း နားမလည်ဘူး”
“နားလည်အောင်ရှင်းပြရမယ် ဒီလိုလား”
“ဟုတ် ဟုတ်”
“ဒါဆိုရင် ရှင်းပြမယ် ပိုပြီးနားလည်အောင် လက်တွေ့ကျကျ ရှင်းပြမယ် နှ
င်းနှင်းက အလင်းငှက်ကို ပါးတစ်ချက်ရိုက်လိုက်”
“အာ .. လေးလေးကလည်း”
“ရိုက်မှာသာ ရိုက်စမ်းပါ”
“ကဲ ရိုက်ပြီ”
“ဖြန်း”
“အန်မလေး နာလိုက်တာ မနှင်းက တကယ်ရိုက်တယ်”
“လေးလေးက ရိုက်ခိုင်းတာကိုး”
“အလင်းငှက် တကယ်နာတာလား”
“တကယ်နာတာပေါ့ လေးလေးရ”
“ဘယ်ကနာလဲ”
“ပါးလည်းနာတယ် ရင်ထဲကလည်းနာတယ်”
“နာတာကြိုက်လား”
“မကြိုက်ပါဘူး”
“အင်း မကြိုက်တာ မလုပ်နဲ့”
“ဟုတ်ကဲ့”
“ကဲ နောက်တစ်ခု နှင်းနှင်းက အလင်းငှက်ကို ဘယ်လောက်ချမ်းသာသလဲလို့မေး”
“အလင်းငှက် နင်ဘယ်လောက်ချမ်းသာလဲ”
“အလင်းငှက်က ပြန်ဖြေလိုက် သိန်းရှစ်ထောင်လောက် ချမ်းသာတယ်လို့”
“သိန်းရှစ်ထောင်လောက် ချမ်းသာတယ်”
“ခွိ ခွိ”
“နှင်းနှင်းဘာရယ်တာလဲ”
“ဟုတ်မှမဟုတ်တာပဲ ရယ်ချင်တာပေါ့”
“အလင်းငှက်ပြောတာ ယုံလား”
“မယုံပါဘူး”
“မယုံဘူးဆိုတော့ သူဘာလုပ်နေလို့လဲ”
“လိမ်နေတာပေါ့”
“လိမ်တာကို ကြိုက်လား”
“မကြိုက်ပါဘူး”
“မကြိုက်တာကို မလုပ်နဲ့”
“ဟုတ်ကဲ့”
“အဲ နေဦး ဒါဘာလဲ ကြည့်လိုက်”
“ဟင် အဲဒါ သမီးရဲ့ ပရဟိတငွေစားရင်းစာအုပ်ပဲ လေးလေးဘယ်အချိန်က ယူလိုက်တာလဲ”
“အခုန ပါးရိုက်နေတုန်းကလေ ဟဲဟဲ”
“လေးလေးက တကယ်လျှင်တာပဲ ဘယ်လိုယူလိုက်မှန်းတောင်မသိလိုက်ဘူး
လေးလေးသာမပြောရင် ဒီစာအုပ်ကို ဒေါင်းတောက်အောင် ရှာရတော့မှာ”
“အင်း အဲလိုမသိအောင်ယူတာ ကြိုက်လား”
“မကြိုက်ပါဘူး”
“သူတပါးစိတ်ဆင်းရဲအောင်လုပ်တာ ကြိုက်လား”
“မကြိုက်ပါဘူး”
“မကြိုက်ရင် မလုပ်နဲ့ သဘောပေါက်ပြီလား”
“သမီး သဘောပေါက်သွားပြီ ကိုယ်မကြိုက်တာ မလုပ်နဲ့ ၊ ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်”
“အလင်းငှက်ရော”
“ကျနော်လည်း သဘောပေါက်ပါတယ် ကိုယ်ကြိုက်တာ ကိုယ်လုပ်ဆိုတာ”
“ကိုယ်ကြိုက်တာ ကိုယ်လုပ်တော့ ဘာဖြစ်မလဲ”
“ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ၊ မကောင်းလုပ်ရင် မကောင်းတာဖြစ်မယ်”
“အင်း ဒါပဲပေါ့ ကဲကဲ အချိန်လည်းလင့်နေပြီ တော်ကြာ ကားမရပဲနေဦးမယ်”
“ဒါဆို ကျနော်တို့ ပြန်လိုက်ပါဦးမယ် လေးလေး”
“အေး အေး”
     သူတို့နှုတ်ဆက်ပြီးထွက်သွားကြတာကို ငေးကြည့်နေစဉ်မှာပဲ သမီးတို့ သူငယ်ချင်းတစ်စု အိမ်ရှေ့ကို ပြန်ရောက်လာကြတယ်။ ပြီးတော့ နောက်ကစားနည်းတစ်ခုအတွက် စောစောကလိုပဲ ပါးစပ်ကအော် လက်တွေလှုပ်ပြီး လူရွေးနေကြလေရဲ့။
“ဗိုလ် ကျား သေနတ် ကိုယ်ကြိုက်တာ ကိုယ်လုပ်”

ဖိုးစည်

ဝါဆိုမိုးနဲ့ ဝေးတဲ့အခါ



ချထားကာမှ
ပကာသနလို အရောင်စင်တွေ ထွက်လှချည့်
တစ်ဖက်သတ်အကြည့်တွေ မခံနိုင်ဘူးရယ်။

ို ချင်တဲ့တေး
မချိုလွင်တဲ့ အရေးတွေ
နှစ်ကိုယ်ကြင်ခဲ့ အဝေးက ဇာတ်လမ်း
တွေးသမျှတော့ တစ်ပတ်နွမ်းခဲ့ပြီပဲ။

ချစ် မိုး လည်း မဆွေ
ချစ်ကြိုးလည်း မခွေတော့ပါဘူး
အဖြစ်ဆိုးလည်း ဝေခဲ့ပြီးပြီလေ ။

ဆူး နဲ့ ပန်း
ခူးခဲ့ နမ်းမိမှတော့
မထူးတဲ့ အလွမ်းတွေ သံသရာရှည်ပါစေ
အပြန်တစ်ရာလေ ခံချင်စမ်းပါရဲ့
အမှန်ပင် တမ်းတမိပါသေးတယ်။

ဝေး ချင်လည်း ဝေး
မဆွေးချင်လည်း ဆွေး
မရေးချင်ပဲ ရေးခဲ့ရတဲ့ ဒီကဗျာ
ရီ(ရယ်)စရာ မင်းအတွက် ဖြစ်နေမလားကွယ်။

‘မောင်’ဲ့ လား
နှောင်ဖွဲ့မထားပါနဲ့ ခေါ်သံလေးရယ်
အပေါ်ယံလေး အချိုတည်းသလို
ချွဲဆိုတဲ့စကား။

မင်း ချစ်နဲ့ မတန်
အခင်း အပြစ်မဲ့ မာန်တွေ
အရင်းစစ်တော့ ဟန်သာ ကျန်ခဲ့ပါပေါ့
မတန်တစ်ရာအချစ်မှ လှမ်းခဲ့သူကိုး။

ခါ  မဟုတ်
ပမာသရုပ်လို စေပြန်သည်
နေထန်ထန် ဒီရင်ထဲမှာလေ
အပီအပြင်ကြဲကာ သဒ္ဒါပို ဆိုးပုံက
ကဗျာကို ချိုးဖဲ့ ရေးခဲ့ပမာ …
ဝါဆိုမိုးနဲ့ ဝေးတဲ့အခါ ။      

ဖိုးစည်