တစ်ကြိမ် အခုရေးထားတဲ့ ကဗျာ
အချိန်လု ဖတ်ကြည့်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်။
နင်လာဖတ်မှာ ငါသိလို့
အမှာရှိတာလေးတွေ ပြောပါရစေ။

ဆာဟာရထဲက အိုအေစစ်
အလိုပြေပြစ်ဖို့ မလွယ်မှန်း
တကယ်တမ်းလည်း သိပါတယ်။
မမှီတဲ့ပန်း
အတည်နဲ့ မှန်းမိတဲ့ငါ
စမ်းမသိတဲ့ တံငါလို
လွမ်းမိမှ နာရတယ်။
မိုးရွာမှ ပွင့်ရမယ့် ပိတောက်လေးလို
မိုးကို မျှော်မျှော်ကြည့်ရတာလည်း မောလှပေါ့။
မိုးရေ ရွာပါတော့ဆိုပြီး
ဘဝနဲ့အချစ်ကို လွန်ဆွဲခဲ့ရတာလည်း
အကြိမ်ပေါင်း မနည်းတော့ပါဘူးရယ် …
တံတားဆိုတာ …
သွားဖို့ပါ ငါသိပေမယ့်
တိုင်မရှိတဲ့တံတား
ယိုင်ချိချိနဲ့ မှားခဲ့ပြီလားဟင်။
အရင်းစစ်တော့
အတင်းချစ်ခဲ့တာ ငါ့အမှားပါ။
မျှော်လင့်မိတဲ့ နှလုံးသား
တော်သင့်၏လည်း မစဉ်းစားခဲ့တာကိုး။
ထားပါ …
အနားမလာတာက နင် …
( ငါ့ကို )
သနားစရာလို့ပဲ ထင်ချင်ထင်ပေါ့။
ရုတ်စွအဆုံး
ဒုက္ခနဲ့အမုန်းတွေ ပေးခဲ့ရင်တောင်မှ
ကျေနပ်စွာ နေတတ်မိနေမှာပါဟာ …
အခုတော့ …
တစ်ရက်မချန်
အဖက်မတန်သလို
မျက်မာန်လည်းမရှ ၊
အပျော်မကြူး
အငေါ်တူးလို့
မခေါ်ဘူးလို့လည်းမဆို ၊
တစ်နှစ်အကူး
အသစ်တစ်ဦးတွေ့လို့
အညာလေးမောင်
အသာလေးလှောင်လို့
စာလေးတစ်စောင်လည်းမရေး ၊
ညာတာပါတေး
အသာအယာခွာပြေးလို့
ဘာညာသရကာလေးတောင်မှ မသိလိုက်ရပါပဲ
ထားရစ်ခဲ့တဲ့နင် …
အမှားဖြစ်ခဲ့ရင် ငါ တောင်းပန်ပါတယ် …
မကြင်လို့ပဲပစ်ပစ် ..
အချစ်လို့ပဲခွာခွာ ..
ငါ့ထိုက်နဲ့ ငါ့ကံ
ငါ့ကြမ္မာ ငါငင်ပစေတော့။
အသွင်အပြင်မထူး
နင်မကြင်ဘူးဆိုလည်း
ဒီရင်ခွင်ဦးကတော့ စောင့်လို့ ကြိုနေမြဲပါ …. ။ ။
0 ဦး ပြန်ပြောထားသည်:
Post a Comment
↓ မိတ်ဆွေတို့ရဲ့ အမြင်လေးတွေ ပြောပြပေးခဲ့နိုင်ပါတယ် ↓