အောင်အေးချမ်း (ရင်စူးမြား)မှ | | |စာချစ်သူများကို| | |နွေးထွေးစွာ ကြိုဆိုပါတယ် ★

Monday, April 8, 2013

ကိုယ်ကြိုက်တာ ကိုယ်လုပ်


     ဒီကနေ့ ဘယ်မှသွားစရာမရှိတာနဲ့ ခြံထဲဆင်းပြီး ပက်လက်ကုလားထိုင်တစ်လုံးပေါ်ထိုင်ကာ စာဖတ်နေတုန်း ကျောင်းပိတ်လို့ လာလည်တဲ့ သမီးက ခြံထဲမှာ သူ့အရွယ် သူငယ်ချင်းတွေနဲ့ ကစားဖို့ ပြင်ဆင်နေတယ်။
     ဘာကစားဖို့ လုပ်နေလည်းတော့ မသိဘူး ၊ ကစားနည်းအတွက် ကျနော်တို့ ငယ်ငယ်တုန်းကလိုပဲ လူရွေးဖို့ လက်တွေကို အပေါ်မြှောက်လိုက် ရှေ့ထိုးလိုက် ခါးထောက်လိုက်နဲ့ လုပ်နေကြတယ်။ ပါးစပ်ကလည်း အော်လို့။
“ဗိုလ် ကျား သေနပ် ကိုယ်ကြိုက်တာကိုယ်လုပ်”
     သူ့တို့ကိစ္စပြီးတော့ ကစားဖို့ ကျနော့အနားက ပြေးလွှားထွက်သွားချိန်မှာ ခြံထဲကို လူနှစ်ယောက် ဝင်လာတာတွေ့ရတယ်။ ဘယ်သူတွေများလဲဆိုပြီး မျက်မှန်အပေါ်က အဝေးကို ကျော်ကြည့်လိုက်တော့
ဖိုးစည်ရဲ့ တပည့်လေး နှစ်ဦးဖြစ်တဲ့ အလင်းငှက်နဲ့ နှင်းနှင်း။
"မင်္ဂလာပါ လေးလေး”
“အားလုံး မင်္ဂလာပါ ဘယ်ကမျက်စိလည် လမ်းမှားပြီး ရောက်လာကြတာလဲ”
“လမ်းမှားပြီး လာတာမဟုတ်ပါဘူး လေးလေးရ လေးလေးဆီ သက်သက်လာတာ”
“အံမယ် အံမယ် ကိစ္စထူးရှိလို့လား”
“ရှိတယ်လေးလေး”  ဆိုပြီး ကျနော့ကို သူတို့နှစ်ယောက် အိမ်ပေါ်ကိုဆွဲခေါ်ပြီး ကုလားထိုင်မှာ
ထိုင်ခိုင်းတယ်။ ပြီးတော့ လက်ထဲကို အထုပ်တစ်ထုပ်ထည့်ပေးပြီး နှစ်ဦးသား ကိုယ်စီကိုယ်စီ
လက်အုပ်လေးတွေချီကာ ကန်တော့ကြပါလေရော။
“ဟ ဟ ဒါက ဘာလုပ်ကြတာတုန်း”
“လေးလေးကို ကန်တော့ကြတာလေ”
“တစ်ခုခုတော့ မှားနေပြီထင်တယ် သီတင်းကျွတ်လည်းမရောက်သေးပဲနဲ့ အခုမှ ဝါဆိုပဲ ရှိသေးတာ ဖြစ်ချင်းဖြစ် ဝါဆိုသင်္ကန်းကပ်ပဲ ဖြစ်ရမှာ ဝါဆိုသင်္ကန်းကပ်တယ်ဆိုရင်လည်း သံဃာတော်တွေကို ကပ်ရမှာလေ အခုဟာက …”
“အခုဟာက လေးလေးကို သီးသန့် လာကန်တော့ကြတာလေ”
“ဘာအတွက်”
“မနောရွှေစင် ပရဟိတအတွက်ပါ ဒီအလှူပွဲမှာ လေးလေးရဲ့ သြဝါဒတွေနဲ့ အောင်အောင်မြင်မြင်
ပြီးမြောက်ခဲ့ပြီး မအားလပ်တဲ့ကြားက သမီးတို့နှစ်ယောက် အတင်းပူစာလို့
စိတ်ရောကိုယ်ပါ ဝိုင်းဝန်းအားဖြည့် ဦးဆောင်ပေးခဲ့တဲ့အတွက်ပါ”
“ကောင်းလေစွ ကောင်းလေစွ တကယ်အသိစိတ်ဓါတ်ရှိပြီး သဒ္ဓါတရားပြည့်ဝတဲ့ လူငယ်လေးတွေပဲ”
“ဟင် လေးလေး ဒါပဲလား ဆုလေးဘာလေး မပေးတော့ဘူးလား”
“ဆုမပေးတတ်ဘူးဟ”
“လေးလေးကလည်း အလှူပွဲပြီးတဲ့ နေ့တုန်းကတော့ ဆုတောင်းကဗျာကို ရွှန်းရွှန်းဝေအောင် ရေးပြီးတော့”
“အဲဒါက ကဗျာလေ လေးလေးက စာပဲရေးတတ်တာ ပါးစပ်က အဲလိုတွေ မပြောတတ်ဘူး”
“ဘာပဲဖြစ်ဖြစ်ပေါ့ လေးလေးရာ ဘုန်းကြီးပါစေ သက်ရှည်ပါစေ ရန်သူမျိုးငါးပါး အနာမျိုးကိုးဆယ့်ခြောက်ပါး မှကင်းဝေးပါစေ စိတ်သွားတိုင်းကိုယ်ပါပြီး လိုအင်ဆန္ဒ တစ်လုံးတစ်ဝတည်း ပြည့်စုံပါစေ အဲဒါမျိုးပေါ့”
“အဲဒါတွေ အားလုံးပြည့်စေ”
“အာ … လေးလေးတို့ လုပ်ချလိုက်ပြန်ပြီ လေးလေးပါးစပ်ကပြောတာ ကြားချင်တာ”
“အဲလိုတွေ ပြောတတ်ပါဘူးဆိုမှ ဇွတ်”
“ပြောတတ်သလိုပြောပေါ့”
“ဒါဖြင့် ခဏ ဘယ်လိုပြောရမလဲ စဉ်းစားလိုက်ဦးမယ်”
“ဟုတ် ဟုတ်”
   ဘာလိုဆုပေးရမလဲ အပြေးအလွှားစဉ်းစားလိုက်တော့ စောစောက
သမီးတို့ကစားနေတာလေး သတိရလိုက်တယ်။ အဲဒါကိုပဲ ဆုအဖြစ်ပေးလိုက်မိတယ်။
“ကိုယ်ကြိုက်တာ ကိုယ်လုပ်”
“ဟင် .. ဘာကြီးလဲ လေးလေးရ ကိုယ်ကြိုက်ကိုယ်လုပ်ဆိုတာ”
“သူများနဲ့ မတူအောင် ဆုပေးတာလေ”
“သမီးတော့ နားမလည်ဘူး”
“ဟုတ်တယ် လေးလေး ကျနော်လည်း နားမလည်ဘူး”
“နားလည်အောင်ရှင်းပြရမယ် ဒီလိုလား”
“ဟုတ် ဟုတ်”
“ဒါဆိုရင် ရှင်းပြမယ် ပိုပြီးနားလည်အောင် လက်တွေ့ကျကျ ရှင်းပြမယ် နှ
င်းနှင်းက အလင်းငှက်ကို ပါးတစ်ချက်ရိုက်လိုက်”
“အာ .. လေးလေးကလည်း”
“ရိုက်မှာသာ ရိုက်စမ်းပါ”
“ကဲ ရိုက်ပြီ”
“ဖြန်း”
“အန်မလေး နာလိုက်တာ မနှင်းက တကယ်ရိုက်တယ်”
“လေးလေးက ရိုက်ခိုင်းတာကိုး”
“အလင်းငှက် တကယ်နာတာလား”
“တကယ်နာတာပေါ့ လေးလေးရ”
“ဘယ်ကနာလဲ”
“ပါးလည်းနာတယ် ရင်ထဲကလည်းနာတယ်”
“နာတာကြိုက်လား”
“မကြိုက်ပါဘူး”
“အင်း မကြိုက်တာ မလုပ်နဲ့”
“ဟုတ်ကဲ့”
“ကဲ နောက်တစ်ခု နှင်းနှင်းက အလင်းငှက်ကို ဘယ်လောက်ချမ်းသာသလဲလို့မေး”
“အလင်းငှက် နင်ဘယ်လောက်ချမ်းသာလဲ”
“အလင်းငှက်က ပြန်ဖြေလိုက် သိန်းရှစ်ထောင်လောက် ချမ်းသာတယ်လို့”
“သိန်းရှစ်ထောင်လောက် ချမ်းသာတယ်”
“ခွိ ခွိ”
“နှင်းနှင်းဘာရယ်တာလဲ”
“ဟုတ်မှမဟုတ်တာပဲ ရယ်ချင်တာပေါ့”
“အလင်းငှက်ပြောတာ ယုံလား”
“မယုံပါဘူး”
“မယုံဘူးဆိုတော့ သူဘာလုပ်နေလို့လဲ”
“လိမ်နေတာပေါ့”
“လိမ်တာကို ကြိုက်လား”
“မကြိုက်ပါဘူး”
“မကြိုက်တာကို မလုပ်နဲ့”
“ဟုတ်ကဲ့”
“အဲ နေဦး ဒါဘာလဲ ကြည့်လိုက်”
“ဟင် အဲဒါ သမီးရဲ့ ပရဟိတငွေစားရင်းစာအုပ်ပဲ လေးလေးဘယ်အချိန်က ယူလိုက်တာလဲ”
“အခုန ပါးရိုက်နေတုန်းကလေ ဟဲဟဲ”
“လေးလေးက တကယ်လျှင်တာပဲ ဘယ်လိုယူလိုက်မှန်းတောင်မသိလိုက်ဘူး
လေးလေးသာမပြောရင် ဒီစာအုပ်ကို ဒေါင်းတောက်အောင် ရှာရတော့မှာ”
“အင်း အဲလိုမသိအောင်ယူတာ ကြိုက်လား”
“မကြိုက်ပါဘူး”
“သူတပါးစိတ်ဆင်းရဲအောင်လုပ်တာ ကြိုက်လား”
“မကြိုက်ပါဘူး”
“မကြိုက်ရင် မလုပ်နဲ့ သဘောပေါက်ပြီလား”
“သမီး သဘောပေါက်သွားပြီ ကိုယ်မကြိုက်တာ မလုပ်နဲ့ ၊ ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်”
“အလင်းငှက်ရော”
“ကျနော်လည်း သဘောပေါက်ပါတယ် ကိုယ်ကြိုက်တာ ကိုယ်လုပ်ဆိုတာ”
“ကိုယ်ကြိုက်တာ ကိုယ်လုပ်တော့ ဘာဖြစ်မလဲ”
“ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ၊ မကောင်းလုပ်ရင် မကောင်းတာဖြစ်မယ်”
“အင်း ဒါပဲပေါ့ ကဲကဲ အချိန်လည်းလင့်နေပြီ တော်ကြာ ကားမရပဲနေဦးမယ်”
“ဒါဆို ကျနော်တို့ ပြန်လိုက်ပါဦးမယ် လေးလေး”
“အေး အေး”
     သူတို့နှုတ်ဆက်ပြီးထွက်သွားကြတာကို ငေးကြည့်နေစဉ်မှာပဲ သမီးတို့ သူငယ်ချင်းတစ်စု အိမ်ရှေ့ကို ပြန်ရောက်လာကြတယ်။ ပြီးတော့ နောက်ကစားနည်းတစ်ခုအတွက် စောစောကလိုပဲ ပါးစပ်ကအော် လက်တွေလှုပ်ပြီး လူရွေးနေကြလေရဲ့။
“ဗိုလ် ကျား သေနတ် ကိုယ်ကြိုက်တာ ကိုယ်လုပ်”

ဖိုးစည်

0 ဦး ပြန်ပြောထားသည်:

Post a Comment

↓ မိတ်ဆွေတို့ရဲ့ အမြင်လေးတွေ ပြောပြပေးခဲ့နိုင်ပါတယ် ↓