အသစ်မပြောင်းပါ နှစ်ဟောင်းဟာ ရွှေရည်လူးလို့ ထူးတဲ့အတာ ...
၁၃.၄.၂၀၁၂ (သင်္ကြန် အကျနေ့)
ဒီနေရာလေးမှာ
ကျနော် ရပ်နေခဲ့တာ ကြာပါပြီ။
အလင်းရောင်ပင်လျှင်
အားဖျော့နည်းလျှက် အမှောင်ဖက်ဆီ လုနေချေပြီ။
ရင်ဝယ်ထွေးပိုက်ထားသော
ပန်းပိတောက်ခက်များလည်း နွမ်းခြောက်စ ပြုလာနေပြီ။
လမ်းမထက်ဆီတွင်
အိမ်ပြန်ကြကုန်သော ရေပက်ခံ ကားလေးများ တစ်စီးစ နှစ်စီးစမှလွဲ၍ လမ်းသွားလမ်းလားများ
ကင်းရှင်းနေသည်။
ကျနော့်မှာ
သူလာရာ အရပ်ဆီသို့ မျှော်ငေးမိနေဆဲ။
မျှော်သူက
ယခုတိုင် ပေါ်မလာသေးပေ။
သက်ပြင်းတို့
အခါခါချမိသည်။ မသိစိတ်မှာ ဝမ်းနည်းခြင်းတွေ ပုန်းလျှိုးကွယ်လျှိုး ဝင်ရောက်လာသည်။ ဝဲတက်လာသော
မျက်ရည်ဥတွေကို မျက်တောင်ခပ်၍ အသာအယာ ပုတ်ခပ်ဖယ်ထုတ်နေမိသည်။
မှားသွားပြီလား။
ချစ်ခဲ့မိတာ မှားပြီလား။ Network Creator တစ်ဦးက ကိုယ့်မင်ဘာတစ်ဦးကို ယုံစားချစ်မိခဲ့တာ
မှားပြီလား။ အွန်လိုင်းပေါ်မှာ စကားလာလာပြောတဲ့ ပိတောက်ရွှေရည်ဆိုတဲ့ ကောင်မလေး။ စတင်ရင်းနှီးစဉ်တုန်းက
ရင်မခုန်ခဲ့ရိုး အမှန်ပါ။ သူ့ရဲ့ ဖော်ရွေမှု ၊ အားလုံးက လေးလေးလို့ ခေါ်နေချိန်မှာ တစ်မူထူးစွာ
ကိုလေးဆိုတဲ့ သူ့ရဲ့ အခေါ်အဝေါ်လေးတွေ ပြီးတော့ ခွန်အားရှိတဲ့ ပုံပြင်လေးတွေ ပြောပြောပြတတ်တဲ့
သူ့အကျင့်လေးတွေ နောက် .. သူ့ကိုယ်သူ ရွှေရည်လို့ သုံးနှုန်းတတ်ပုံလေးတွေ .. ကြာလာတော့
ကျနော့ နှလုံးသားကို တစ်စချင်းဖဲ့ခြွေလာခဲ့သည်။
ကိုလေး
လို့ တစ်ကြိမ်ခေါ်လိုက်တိုင်း ကျနော့်နှလုံးသား အရည်ပျော်လို့နေသည်။ သူနဲ့ပါတ်သက်မိမှ
ကျနော့ Gtalk လေးဟာ အမြဲတမ်း Busy ပြထားနေမိတယ်။ ကျနော် မိုက်ရူးခဲ့ပြီးလား မသိတော့ပါ။
တစ်ခါတစ်ခါ
အချစ်ဟာ ဆန်းကြယ်လွန်းလှသည်။ ကျနော် အကြိမ်ကြိမ် ဆုတောင်းဖြစ်ခဲ့သည်။ ဘုရားပေးတဲ့
ဆုလာဘ်လေး ဖြစ်ပါစေတော့ရယ်လို့။
ညအခါ
ကောင်းကင်မှာ ကြယ်လေးတွေ လင်းလက်နေတာ ရေတွက်မရနိုင်ပါဘူး။ အဲလောက်ထိ သူ့အပေါ်ကျနော်ချစ်သည်။
ဒီကြယ်စင်လေးတွေထဲက ဓူဝံကြယ်လေးဟာ ကျနော်နဲ့ ဟိုး .. ယူဇနာအဝေးမှာ ရှိနေတာသိသည်။ သိပေမယ့်လည်း
မျှော်လင့်နေမိသည်။ ကျနော် ရူးသွပ်သွားပြီလား။ အင်းလေ ချစ်မိနေမှတော့ ရူးမယ်ဆိုလည်း
ရူးပစေတော့။
♪ရူးပစေ
ငါလေရူးသွပ်သွားပစေ ♪ လွပ်လပ်စွာနဲ့
ဆက်လက်ချစ်နေဦးမယ် .. ♪
ပြောပစေ
လူတွေဝိုင်းပြောကြပစေ ♪ဂရုမစိုက်နိုင်ဘူး
ဆက်လို့ ချစ်နေဦးမယ် .. ♪
ကမ္ဘာကြီး
ပြိုလဲ ပျက်စီး မှောင်မိုက်နေလည်း ♪
ငါ
.. မင်းတစ်ယောက်ကိုပဲ ချစ်မြဲပါပဲ ..♪
ဘဝတစ်သက်စာ၂ .. ♪
ငါချစ်လို့သွားမယ်
မင်းတစ်ယောက်သာ ♪♫ ♪
တိုက်တိုက်ဆိုင်ဆိုင် ဘယ်ကဖွင့်လိုက်မှန်းမသိတဲ့ ဒိုးလုံးရဲ့
သီချင်းအပိုင်းအစတစ်ခုက နှလုံးသားကို ပွတ်တိုက်သွားသလိုလို။ ယောင်ရမ်းပြီး ရင်ဘတ်ကိုငုံ့ကြည့်ဖြစ်တော့
ပွေ့ပိုက်ထားတဲ့ ပန်းပိတောက် နွမ်းခြောက်ခြောက်လေးတွေက လှောင်ပြုံးပြုံးနေတယ်။
ရင်ထဲမှာ ကျဉ်ခနဲနာသည်။ ဦးဦးဖျားဖျား ရခဲ့တဲ့ ဒီပိတောက်ပန်းလေး
သူ့အတွက်ရည်ရွယ်ပြီး ခူးဆွတ်လာခဲ့တာ။ အခုတော့ …
ကျနော် ဇွဲမလျှော့သေးပါ။ သူလာတဲ့အထိ စောင့်နေမည်။
ဘယ်အချိန်ထိ ဘယ်နေရာကို ကျနော်ငေးမောနေမိသည်မသိ။ ရှေ့တည့်တည့်ဆီ
ထိုးဆိုက်လာတဲ့ အနက်ရောင် မာစီဒီးကားလေးကြောင့် အသိစိတ်တွေ ရုတ်ခနဲ ပြန်နိုးလာသည်။
ပထမဆုံး ကားလေးဆီက ရှေ့တံခါးမှန်လေး လျှောကျ ပွင့်အံလာတယ်။ ဒီတံခါးပေါက်လေးဆီကပဲ အသက်၆၀ကျော်
ယောင်္ကျားကြီးတစ်ယောက် ခေါင်းပြူထွက်လာပြီး နောက်ဖက်ဆီကို လက်ညွှန်လို့ ပြောသည်။
“မောင်ရင့်ကို ရေလောင်းချင်လို့တဲ့”
“ခင်ဗျာ ..”
အံ့အံ့သြသြ အာမေဋိတ် တမိသည်။ ကျနော် ဒီနေရာမှာ နာရီပေါင်းများစွာ
ရပ်နေခဲ့တာပါ။ ဘယ်သူကမှ တစ်ခုတ်တရ ရေလာမပက်ကြပါ။ အခုလို ကိုယ်ပိုင်ကားလေးနဲ့လာပြီး
ရေပက်မယ်ဆိုတော့ ဘယ်လိုလူများလည်း အံ့သြစိတ်နဲ့ နောက်ဖက်ဆီ အကြည့်ကို ရွှေ့လိုက်တယ်။
ဖြည်းဖြည်းချင်း လျှောကျလာတဲ့ အနက်ရောင်မှန်သား နောက်ကွယ်က မျက်နှာဝိုင်းဝိုင်းနဲ့
ကောင်မလေးတစ်ယောက်။ အသေအချာ သတိထားမိလိုက်တာက ရွှေအိုရောင် ဝတ်စုံလေး။ ဖော့ဖယောင်းလို
နုသွယ်တဲ့ လက်ချောင်းလေးထဲမှာ ငွေရောင် ဖလားလေးတစ်လုံး။ ရှေ့ကိုတိုးပေးပြီး ခါးလေးညွှတ်
ခေါင်းလေးငုံ့လို့ ရေအလောင်းခံဖြစ်တော့ လည်တိုင်ဆီကနေ ရင်ဘတ်အထိ စီးဆင်းလာတဲ့ ရေအေးအေးလေးက
စောစောက အမူမီးတွေ တဒင်္ဂ ငြိမ်းအေးသွားသလိုလို။
“ပိတောက်ပန်းတွေ ပွေ့ပြီး ရပ်နေတာ အရမ်း ကဗျာဆန်တာပဲ”
“ဗျာ”
ခေါင်းပြန်အမော့မှာ စူးစိုက်ကြည့်နေတဲ့ အားဖျော့ဖျော့ သူ့မျက်ဝန်းညိုညိုလေးကို
တွေ့ရတယ်။
“အဲဒီ ပိတောက်ပန်းတွေ ပေးလို့ ရမလားဟင်”
“ခင်ဗျာ ..”
အာမေဋိတ်နဲ့အတူ ကျနော် ဝေခွဲမရစွာ မှင်တက်နေတုန်းမှာပဲ သူ့ဆီက
စကားလုံးတွေ ထပ်ရောက်လာတယ်။
“တစ်ယောက်ယောက်ကို ပေးဖို့ထင်တယ် ဆောရီးနော်”
“ဟုတ် .. ဟုတ်တော့ ဟုတ်ပါတယ် .. ဒါပေမယ့် လိုချင်ရင် ယူသွားပါ”
ဘာကြောင့်မှန်းမသိ မသိစိတ်တွေရဲ့ ကကြိုးအောက်မှာ ရုပ်သေးရုပ်လေးတစ်ရုပ်
ဖြစ်ခဲ့သည်။ ကျနော်ကမ်းပေးတဲ့ ပိတောက်ပန်းတွေ သူလှမ်းယူရာက အပြုံးတစ်ပွင့်ကို လှလှပပ
ခြွေလိုက်ပေမယ့် အားပျော့နေသယောင်။ သို့ပေမယ့် ဟန်ဆောင်အပြုံးတစ်ခု မဟုတ်တာကတော့ ကျနော်
သေသေချာချာသိနေသည်။
လက်ကလေးပြ ကားဘီးလေး လှိမ့်ထွက်အသွားမှာ ကျနော့တစ်ကိုယ်လုံး
လေဟာနယ်ထဲ လွင့်ကျန်ခဲ့သည့်နှယ်။
ချစ်သူလည်းမလာ ပေးစရာပိတောက်တွေလည်းမရှိ အင်အားတွေလည်း ချည့်နဲ့နေပြီဆိုတော့
…
ဟန်မဲ့စွာ
ပြန်လှည့်ခဲ့တဲ့ ခြေလှမ်းတွေက ကိုယ့်အိမ်ဆီသို့သာ။
အိမ်ပြန်ရောက်ရောက်ချင်း Gtalk ကို အလျင်အမြန်ဖွင့်ကြည့်မိတယ်။ သူရောက်မလာပါ။
သူ့ကို
.. ပိတောက်ရွှေရည်ကို .. ကျနော်ချစ်မိခဲ့တဲ့ ရွှေရည်ကို မတွေ့ရတော့ပါ။ ဘာကြောင့်လဲ ဘယ်အတွက်လဲ
ဘယ်လိုအကြောင်းကြောင့်လဲကွယ်။ ရင်ထဲမှာ ပူလောင်ပွက်နေတယ်။ ရှေ့ဆီက ဘာမှတုန့်ပြန်မရှိတဲ့ Desktop မျက်နှာပြင်ကြီးကို
ကြည့်ပြီး တစ်ယောက်ထဲ ဒေါသတွေ ဖြစ်နေမိတယ်။ စိတ်တွေ လွတ်ထွက်ပြီး ကီးဘုတ်ပေါ် လက်ချောင်းတွေ စိတ်ရှိတိုင်း
ပစ်ခေါက်လိုက်တော့ သူ့ဂျီတော စာမျက်နှာတစ်ခုလုံး တောင်စဉ်ရေမရ စကားလုံးတွေ တန်းစီလို့သွားတယ်။
ပြီးတော့ .. အားနဲ့ဆုပ်ကိုင်ဖျစ်ညှစ်လိုက်တဲ့ Mouse ကလေး .. ထိုညက ကျနော့နှလုံးသားလိုပဲ
ကွဲအက်ကြေမွသွားခဲ့တယ်။
XXXXXXXXXXX
၁၄.၄.၂၀၁၂ (သင်္ကြန် ပထမအကြတ်နေ့)
မနေ့ကနေရာလေး
ကျနော် ပြန်ရောက်နေပြန်ပြီ။
မနေ့ကလိုပဲ
ထိုနေရာလေးမှာ ကျနော်တစ်ယောက်တည်း ရှိနေသည်။
မနေ့က
အချိန်အထိ သူ့ကို ကျနော် စောင့်နေခဲ့သည်။
သူသည်
ကျနော်ရင်ဘတ်ထဲမှာ ရှိနေမြဲ။ သူ့ကို ကျနော်မျှော်လင့်နေဆဲ။ သူ့ကို ကျနော် ချစ်နေလျှက်ပါပဲ။
သူကား ကျနော့်အချစ်တွေကို ဥပေက္ခာပြုနိုင်လွန်းသည်။ ဘာကြောင့် ရုတ်ချည်း ပြေားလဲသွားရသလဲ
သူ့ကိုမေးဖို့ သူနဲ့တွေ့မှသာ ဖြစ်နိုင်တော့မည်။ သူ .. ရွှေမြန်မာဥယျာဉ်ထဲက အပြီးတိုင်
ထွက်သွားရလောက်အောင် ကျနော့်မှာ ဘာပြစ်ချက်တွေ အားနည်းချက်တွေ ရှိနေလို့လဲ။ ကျနော်
အခုအချိန်အထိ သူနဲ့ပါတ်သက်ပြီး ဘာအမှားတစ်မှ မလုပ်ခဲ့ ဖူးသေးပါ။ အမှန်အတိုင်း ဝန်ခံရလျှင်
အွန်လိုင်းပေါ်က အချစ်တွေကို ကျနော် အလေးမထားတတ်ပါ။ သို့ပေမယ့်လည်း သူနဲ့ကျမှ အွန်လိုင်းအချစ်ကို
စတင်ခံစားဖြစ်ခဲ့သည်။ အခု ဒီခံချက်ကို သူရိုက်ချိုးခဲ့ပြီ။
တကယ်ဆို
ကျနော်နောင်တရသင့်ပြီ။ ကြည့်လေ အခုပဲ ကျနော့်မှာ ဝေဒနာတွေနဲ့။ မလာသူကိုမှ တမ်းတ မျှော်လင့်မိနေတာ။
စောစောက
အဝေးကို မျှော်မျှော်ကြည့်နေပေမယ့် အခု ရပ်နေရတဲ့ ကိုယ့်ခြေထောက်လေးကို သနားကာ ကြည့်နေမိတယ်။
သင်္ကြန်ရေကြောင့် စိုစွတ်နေတဲ့ ခြေဖျားလေးတွေ ဖြူဖတ်ဖြူရော် နိုင်နေသည်။ အအေးဒါဏ်ကြောင့်
တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေလင့်ကစား စိတ်ဓါတ်တို့က သံတိုင်တစ်ခုလို ခိုင်မာနေပြန်သည်။
“ရေလောင်းလို့
ရမလားဟင်”
အသံတစ်ခုကြောင့်
အတွေးလွန်ရာက ဆတ်ခနဲ နိုးသွားသည်။ အနက်ရောင် မာစီဒီးကားလေး။ ဘယ်အချိန်က ဘယ်လို ရှေ့ဆီ
ရောက်နေမှန်းမသိ။
“အော်
…”
မနေ့က
ကားပေါ်ကနေ ရေလောင်းခဲ့တဲ့ ရွှေအိုရောင် ဝတ်ထားတဲ့ ကောင်မလေး။ အခုလည်း ကားပေါ်ကနေ ရေဖလားလေးကိုင်လို့
မေးနေပြန်သည်။ ဂုဏ်ဓနရှိသူတွေဆိုတော့ ကားပေါ်က အောက်ဆင်းပြီး ရေမလောင်းနိုင်ရှာ။ ပလက်ဖောင်း
လမ်းလျှောက်နေသူကသာ ရေလောင်းလိုသူထံ သွားရသည်။ သူ့အမေးကို ကျနော် ခေါင်းညှိတ်ပြလိုက်တော့
သွားတက်လေးတွေပေါ်အောင် ပြုံးပြရှာသည်။ သို့ပေမယ့် သူ့အပြုံးက လုံးဝမပြည့်စုံပဲ အားနည်းချက်
ရှိနေသလိုလို။ မနေ့ကတည်းက ဒီအပြုံးကလေး ကျနော့်ရင်ဘတ်မှာ ကပ်ငြိနေခဲ့သည်ပဲ။
“ဒီနေ့
ပိတောက်ပန်းတွေ မပါဘူးနော်”
ရေလောင်းရင်းက
သူမ ပြောသည်။
“ဒီနေ့
ပိတောက်တွေ မပွင့်ကြဘူးလေ”
“ဒီနေရာမှာ
တွေ့တာ နှစ်ရက်ရှိပြီနော် ဒီနားမှာနေတာလား ဒါမှမဟုတ် တစ်ယောက်ယောက်ကို လာစောင့် နေတာများလား”
“ဟို
ဟို”
ရုတ်တရက်
အမေးခံလိုက်ရတော့ ဘာပြန်ဖြေလို့ ဖြေရမှန်းမသိ။ ကိုယ့်အဖြစ်ကလည်း ပြန်ဖြေရင်တောင်မှ
ရှက်စရာ။
“ဆောရီးနော်
သူများ ကိုယ်ရေးကိုယ်တာ ဝင်စပ်စုသလို ဖြစ်နေပြီထင်တယ် ဖြေလို့မဖြစ်ရင် မဖြေပါနဲ့ “
“ရ
ရပါတယ်”
“မနက်ဖြန်
ဒီမှာ ရှိနေဦးမလားဟင်”
“ဘာဖြစ်လို့လဲ”
“ရေလာလောင်းမလို့ပါ”
“ရှိ
ရှိနေမယ်လေ”
“ကျေးဇူးနော်
မနက်ဖြန် ဆက်ဆက်လာခဲ့မယ်”
သူမ
လက်ကလေးပြပြီး နှုတ်ဆက်ထွက်ခွာသွားသည့်တိုင် ကျနော့်မှာ မလှုပ်မယှက် ကျောက်ရုပ်လေးတစ်ရုပ်လို
ငေးမောကျန်ရစ်သည်။
xxxxxxxxxxx
၁၅.၄.၂၀၁၂ (သင်္ကြန် ဒုတိယအကြတ်နေ့)
ဒီကနေ့လည်း
ထုံးစံအတိုင်း ဒီနေရာလေးကို ရောက်ခဲ့ပြန်ပါပြီ။ ဒီတစ်ခေါက်တော့ ကျနော့်စိတ်တွေ ကျနော်
ဝေခွဲမရ။ ကျနော် မျှော်နေမိသည်ကား ရွှေရည်လား ရွှေအိုရောင်လေးလား။ မသဲကွဲပါ။ မမြင်ဖူးသေးတဲ့
ရွှေရည်ကို ချစ်သည်။ မြင်ခဲ့ဖူးတဲ့ ရွှေအိုရောင် ပိုင်ရှင်လေးကို ရင်ခုန်မိပြန်သည်။ ဘာပဲဖြစ်ဖြစ်
ကျနော့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာနိုင်သူကတော့ ရွှေအိုရောင်ပိုင်ရှင်မှတစ်ပါး
ဘယ်သူမှ မဖြစ်နိုင်ပါချေ။
တွေးထားသည့်အတိုင်း
ရွှေအိုရောင်လေး ရောက်လာသည်။ အရင်ရောက်လာနေကျထက် သုံးနာရီလောက် စောသည်။ သူမကြည့်ရသည်မှာ
ပျော်ရွှင်၍ တက်ကြွနေသယောင်။
“ရောက်နေတာကြာပြီလား”
“အင်း
နည်းနည်းတော့ ကြာသွားပြီ”
“ဒီနေ့လည်း
ပိတောက်ပန်းတွေ မပွင့်ပြန်ဘူးလား”
“ဟင့်အင်း
မပွင့်ဘူး”
“ပိတောက်ပန်းတွေ
အရမ်းပန်ချင်တာပဲ”
“လိုက်ရှာ
ဝယ်ပေးမယ်လေ”
ဒီလိုပြောတော့
ထုံးစံအတိုင်း အပြုံးဖျော့ဖျော့လေးတစ်ခု လွင့်ကျလာသည်။ ဒီစကားလုံးကို ဘယ်လိုက ဘယ်လိုပြောဖြစ်သွားသည်မသိ။
ကားပေါ်က မဆင်းပဲ နေတဲ့သူကို လမ်းပေါ်ကလူက ပန်းရှာဝယ်ပေးမယ်တဲ့။ ကိုယ့်ကိုယ်ကိုလည်း အံ့အံ့သြသြ
ပြန်ဖြစ်မိသည်။ သူလေးကို ဘာကြောင့် ဂရုဏာသက်မိနေတာလဲ။ သူ့အပြုံးဖျော့ဖျော့လေးတွေကိုလား။
မသိပါ။
“သွားကြရအောင်လေ”
“ရေမလောင်းရသေးဘူးလေ”
ရှေ့ခန်းမှ
လူကြီးရဲ့အပြောကို ကျနော် ကပျာကယာ ဆင်ခြေပေးမိသည်။
“အတူတူ
သွားကြမှာလေ ကားပေါ်တက်”
ရွှေအိုရောင်လေးက
ကားပေါ်ကိုခေါ်သည်။ ကျနော် ဘာမှ ပြန်မပြောမိပဲ သူဖွင့်ပေးတဲ့ နောက်ခန်းထဲဝင်ပြီး သူ့နဘေးမှာ
ဝင်ထိုင်တော့ ကျောဆီကို ရေလာလောင်းသည်။ ပြီးတော့ ကျနော်ဘာမှ မမေးပါပဲ သူ့ဘာသာပြောသည်။
“ရေပက်ခံမဏ္ဍာပ်တွေ
လိုက်ကြည့်မယ် နောက်ပြီး ပိတောက်ပန်းတွေ ရှာဝယ်မယ်လေ”
ကျနော်
ခေါင်းညှိတ်လိုက်သည်။ ထိုနေ့တစ်နေ့လုံး ကျနော်ပျော်သည်။ ရွှေအိုရောင်မလေးလည်း ပျော်နေသည်။
မနက်ဖြန်လည်း လျှောက်လည်ကြဦးမယ်တဲ့။ ကျနော် မငြင်းမိပါ။ ရွှေအိုရောင်မလေးရဲ့ အပျော်တွေအောက်မှာ
ကျနော်ကိုတိုင်လည်း နစ်မွန်းမိနေခဲ့ပါပြီ။
xxxxxxxxxxx
၁၆.၄.၂၀၁၂ (သင်္ကြန် အကျနေ့)
ယနေ့
မိုးစုန်းစုန်းချုပ်တဲ့အထိ မမျှော်မိတော့တဲ့ ရွှေရည်လည်းမလာပါ။ မျှော်လင့်မိတဲ့ ရွှေအိုရောင်လေးလည်း
ရောက်မလာပါ။ ကျနော့်ရင်တစ်ခုလုံး ဗလာကျင်းနေသည်။ ဦနှောက်တစ်ခုလုံး ဗလောင်ဆူလို့ ယောက်ယက်ခပ်မိချေသည်။
စိတ်ကို ဒုံးဒုံးချလိုက်သည်။ အရှုံးပေးခြင်းသည် နှလုံးအေးသော ဆေးတစ်ခွက်တည်း။ ပြန်မည်ဆုံးဖြတ်ပြီးမှ
အကြည့်က အဝေးကို မျှော်ငေး မိပြန်သေးသည်။
ဟာ
…
ရင်ကို
တစ်ဒိန်းဒိန်း အခုန်မြန်သွားစေသည်။ ထခုန်မိမတတ် ဝမ်းသာမိသည်။ ရွှေအိုရောင်လေး။ ဟုတ်သည်။
ဟိုအဝေးက လာနေတာ ရွှေအိုရောင်ပိုင်ရှင်လေးရဲ့ မားစီဒီးကားလေး။ ကျနော် ဟန်မဆောင်နိုင်စွာ
ပလက်ဖောင်းထက်က အောက်ကို ဆင်းရပ်မိသည်။ ကားလေး ရှေ့ဆီကို ရောက်မဆိုက်ပဲ နောက်ခန်းလေးဆီ
ကမျောကသော သွားမိသည်။ ကားရပ်သွားသည့်တိုင် မှန်ချပ်လေး ပွင့်အံမလာပါ။
“မောင်ရင်
.. လုံမလေး ပါမလာဘူးကွယ့်”
“ခင်ဗျာ
…”
ကျနော့်တစ်ကိုယ်လုံးမှာရှိတဲ့
အားအင်တွေ တစ်ယောက်ယောက်က ထုတ်ယူသွားသလိုမျိုး အရုပ်ကြိုးပြတ် လဲမတတ်။
“မောင်ရင်
ပြန်သွားပြီလို့တောင် ဦးက ထင်နေတာ”
“ဟုတ်
ဟုတ်ကဲ့”
“လုံမလေးကပြောတယ်
မောင်ရင် ဒီမှာ ရှိနေလိမ့်ဦးမယ်တဲ့”
“သြော်
..”
“မောင်ရင့်ကို
သွားခေါ်လာခဲ့ပါတဲ့”
“ဘာ
ဘာလုပ်မလို့လဲ ဦးလေး”
“ရေလောင်းချင်လို့တဲ့လေ”
“ဗျာ
….”
ရွှေအိုရောင်လေးကို
တွေ့ချင်နေသည်။ ရွှေအိုရောင်လေးရဲ့ ခပ်ဖျော့ဖျော့ အပြုံးလေးကို တောင့်တနေသည်။ သူမရဲ့
အပျော်လေးတွေ ကူးစက် ခံစားချင်သည်။ ကျနော် ရှည်ရှည်ဝေးဝေး စဉ်းစားမနေနိုင်ပါ။ ဖွင့်ပေးထားသော
ရှေ့ခန်းလေးဆီ အပြေးတက်ပြီး ထိုင်လိုက်မိတော့သည်။
xxxxxxx
ကားလေးချိုးကွေ့ဝင်လိုက်သော
ခြံဝင်းတစ်ခုထဲမှာ ခမ်းနာထည်ဝါသော တိုက်ကြီးတစ်လုံး။ ပေါ်တီခုံအောက်မှာ ကားရပ်တော့ ကျနော်
ကားပေါ်က ဆင်းလိုက်ရင်း တိုက်ကြီး အတွင်းဖက်ဆီ ရွှေအိုရောင်လေးကို တွေ့နိုးနိုး မျှော်ကြည့်ဖြစ်သည်။
“ဒီမှာ
ထိုင်ပါမောင်ရင် လုံမလေး လာပါလိမ့်မယ်”
ညွှန်ပြပေးတဲ့
ဒါန်းပုခက်ပေါ်မှာ ကျနော်ထိုင်ပြီး ခဏမှာပဲ ရွှေအိုရောင်လေး ထွက်လာသည်။
“လုံမလေး
လာပြီ မောင်ရင်”
“ဟင်
.. သူ ဘာဖြစ် ဖြစ်”
“မောင်ရင်
သိချင်ရင် လုံမလေး ပြောပြပါလိမ့်မယ်”
ရင်ထဲမှာ
နင့်ခနဲ ဖြစ်ရသည်။ ရွှေအိုရောင်လေးက ဝှီးချဲပေါ်မှာထိုင်ပြီး အမျိုးသမီးတစ်ဦးက တွန်းလို့လာသည်။
သူ သူ ခြေထောက်တွေ မသန်တာလား။
အနားရောက်လာတဲ့
ရွှေအိုရောင်လေးရဲ့ မျက်နှာကို တစ်လှည့် ခြေထောက်တွေကို တစ်လှည့် ကျနော် ကြည့်နေမိတယ်။
သူမကတော့ ထုံးစံအတိုင်း အပြုံးဖျော့ဖျော့လေး ပြုံးနေရှာသည်။
“အဲဒီ
ဒါန်းပေါ်မှာ ထိုင်ချင်တယ်”
ကျနော်
ကပျာကယာ သူ့လက်မောင်းလေး ဖေးမတွဲကိုင်ပြီး ဒါန်းပေါ်ထိုင်စေလိုက်သည်။ ကျနော် သူမခြေထောက်တွေ
ခဏခဏ ကြည့်နေမိသည်ကို သူမ သတိထားမိကာ ပြောသည်။
“ခြေထောက်တွေက
ဘာမှ မဖြစ်ပါဘူး ကျန်းမာရေးကြောင့်ပါ”
“အော်
…”
သူပြောမှ
သတိထားမိသည်။ သူမစကားသံတွေ ပုံမှန်ထက် အားပျော့နေသည်။
“ဘာဖြစ်တာလဲဟင်”
“သွေးကင်ဆာလေ”
“သွေးကင်ဆာ”
“ဟုတ်”
“ဟာ
…………….”
ကျနော့်မှာ
သူမအတွက် စိတ်မကောင်းကြီးစွာ ဖြစ်လိုက်ရပေမယ့် သူမကတော့ ပြုံးလို့။
“ကိုလေး”
“ဗျာ
ဘယ် ဘယ်လိုခေါ်တယ်”
“ကိုလေးလို့
ခေါ်တာလေ .. ခေါ်မယ်နော်”
“အော်
.. အင်း .. ဟုတ်”
ကျနော်
ဘာပြောရမှန်းမသိ။ သူက ကိုလေးဆိုတော့ ရွှေရည်ကို သတိရလိုက်မိသည်။ ကိုယ့်အပေါ် လုံးဝ ဥပက္ခာပြုသွားတဲ့
သူတစ်ယောက်ကို ဘာကြောင့် မစွန့်လွှတ်မိသေးတာလဲ။ မဟုတ်သေးပါဘူး။ ကျနော် ခေါင်းကို ခါယမ်းလိုက်သည်။
“ဘာဖြစ်လို့လဲဟင်”
“ဟို
.. ဘာမှ မဖြစ်ပါဘူး”
“ကိုလေးကို
ရေမလောင်းရသေးဘူး ရေလောင်းမယ်နော်”
“လောင်းလေ”
သူ့ဝှီးချဲပေါ်က
ရေဖလားလေး လှမ်းယူ ကမ်းပေးပြီး သူ့အရှေ့မှာ ရို့ရို့လေး နေပေးလိုက်သည်။
“ကိုလေးရော
ရေမလောင်းချင်ဘူးလား”
“လောင်းမယ်လေ”
သူ့ကို
တစ်လှည့် ပြန်လောင်းလိုက်တော့ အပျော်တွေကို တွေ့ရသည်။
“ဒါ
.. ပထမဆုံး ရေလောင်းခံတာ”
“ဟုတ်လား”
“အင်း
.. အော် .. ကိုလေးကို တောင်းပန်ရဦးမယ်”
“ဘာများလဲ”
“ဒီနေ့
ကိုလေးကို ရေလာမလောင်းနိုင်လို့လေ”
“အခု
လောင်းပြီးပြီပဲ”
“ဟင့်အင်း
ကိုယ်တိုင် လာလောင်းချင်တာ မနက်က ချောင်းဆိုးတာ သွေးတွေပါလို့ ဆေးသွင်းလိုက်ရတယ်”
“ဟာ
…”
“ကိုလေး”
“ဟင်
ပြောလေ ဘာပြောမလို့လဲ”
“ကိုလေးက
ဘယ်လိုမှ ပြန်မခေါ်ဘူးနော်”
“ဘယ်လိုခေါ်ရမလဲ”
“အရင်ခေါ်သလိုခေါ်ပေါ့”
“အရင်
ဘယ်လိုမှ မခေါ်ဖူးတာ”
“ခေါ်ဖူးပါတယ်
စဉ်းစားကြည့်ပါဦး”
သေချာပါတယ်။
ကျနော် သူ့ကို ဘယ်လိုမှ မခေါ်ဖူးပါဘူး။ စိတ်ထဲမှာပဲ ရွှေအိုရောင်လေးလို့ တိတ်တခိုး ခေါ်ဖြစ်သေးတာ။
“စဉ်းစားလို့
မရဘူး ညီမလို့ ခေါ်ဖြစ်သလား”
“ဟင့်အင်း
ဟုတ်ဘူး နာမည်ခေါ်တာ”
“နာမည်”
“အင်း”
“ကိုလေးက
နာမည်မှ မသိတာ”
“သိပါတယ်
ဒီအင်္ကျီအရောင်လေးပါတယ်လေ”
“ရွှေအိုရောင်
..”
“အင်း
.. ရွှေပါတယ်”
“ရွှေ
ရွှေရည် ဟုတ်လား”
သူခေါင်းလေး
တစ်ချက်ညှိတ်ပြီး ကျနော့်ပုခုံးပေါ် မှီလှဲလိုက်သည်။ သူ့မေးစေ့လေးကို ကိုင်ပြီး မော့လိုက်တော့
သူ့ပါးပြင်မှာ မျက်ရည်စတွေ စီးဆင်းလို့။ ကျနော်အရာအားလုံးကို မေ့လျော့ကာ သူ့လက်မောင်းလေးကို
ဆုပ်ကိုင် ပွေ့ဖက်ထားလိုက်မိသည်။ သူ့နဖူးလေးကို ကျနော်နမ်းသည်။
ရွှေရည်ရယ်
…
“ကိုလေး”
“ပြောလေရွှေရည်”
“ရွှေရည်ကို
စိတ်ဆိုးနေလားဟင်”
“အမှန်အတိုင်းပြောမယ်နော်”
“အင်း”
“ရွှေရည်ကို
ရွှေရည်မှန်း မသိတဲ့ အချိန်က အရမ်းစိတ်နာခဲ့တယ်။ ဒါပေမယ့် မမုန်းဘူး”
“တကယ်လို့
ရွှေရည်ဟာ ရွှေရည်မဟုတ်ခဲ့ရင်ရော”
“ရွှေအိုရောင်လေးကို
မချစ်မိသရွေ့ ချစ်နေဦးမှာပဲ”
“ကိုလေး”
“ဟင်”
“ဒီနေ့သာ
ရွှေရည် ဆေးမသွင်းခဲ့ရရင် ရွှေရည်ဆိုတာ ဘယ်တော့မှ ဖွင့်ပြောဖြစ်တော့မှာ မဟုတ်ဘူး”
“ဘာဖြစ်လို့လဲ
ရွှေရည်”
“ကိုလေးဘဝလေးထဲမှာ
ရွှေရည်မရှိစေချင်လို့ပေါ့”
“ဟာ
.. ကိုလေးက ရွှေရည်ကို နှစ်နှစ်ကာကာချစ်ခဲ့တာပဲ ရွှေရည်ရှိမှဖြစ်မှပေါ့”
“ဟင့်အင်း
ရှိလို့မဖြစ်ဘူး အခုတောင် ရွှေရည်နောင်တရနေမိပြီ မကြာခင်မှာ ကိုလေး အရမ်းခံစားရတော့မယ်”
“ရွှေရည်ဘာတွေ
ပြောနေတာလဲ”
“ရွှေရည်ကိုယ်
ရွှေရည်သိပါတယ် .. မကြာခင် ကိုလေးကို ရွှေရည်ခွဲရတော့မှာ”
သူ့နှုတ်ခမ်းလေးကို
ကျနော့်လက်လေးနဲ့ ဖိပိတ်လိုက်မိသည်။ မပြောပါနဲ့လား ရွှေရည်ရယ်။ ကျနော် မျက်ရည်တွေ မကျအောင်
မနည်းထိန်းထားရသည်။ အမှန်တော့ ငိုချပစ်လိုက်ချင်ပြီ။ ကျနော့် ဘဝထဲကို အခုမှဝင်လာသူလေးက
မကြာမတင်မှာ ကျနော့်ဘဝထဲက အပြီးတိုင် ထွက်ခွာတော့မယ့်သူ။ ချစ်မိတဲ့သူက သွေးကင်ဆာမှ
ဖြစ်နေရတယ်တဲ့လား။ ရွှေရည်လေးရယ် …
“ကိုလေး
ငိုချင်နေတာလား ရွှေရည် ကြည့်နေတာကြာပြီ ကိုလေး အရမ်းခံစားနေရသလိုပဲ”
“ဟင့်အင်း
မဟုတ်ပါဘူး”
“ငိုချင်ရင်
ငိုချလိုက်လေ ကိုလေး ၊ ကိုလေးမျက်ရည်တွေ ရွှေရည်သုတ်ပေးခွင့်ရှိတုန်း သုတ်ပေးချင်လို့”
“ဘာလို့ငိုရမှာလဲ
ရွှေရည်မှ ဘာမှမဖြစ်တာ”
ငိုချင်လျက်
လက်မတို့ပါနဲ့လားရွှေရည်ရယ်။
“ကိုလေး
မနက်ဖြန် လာနိုင်မလား”
“လာမယ်လေ
ဘာရှိလို့လဲရွှေရည်”
“မနက်ဖြန်
နှစ်ဆန်းတစ်ရက်လေ ရွှေရည်မွေးနေ့ပေါ့ ရွှေတိဂုံဘုရားသွားဖူးမယ် ရွှေသင်္ကန်းကပ်မယ် ပြီးရင်
ငါးလွှတ်မယ်လေ”
“ရွှေရည်သွားချင်တဲ့
နေရာအကုန်လုံး ကိုလေး လိုက်ပို့ပေးမယ် ပြီးတော့လေ ဒီလ ၂၂ရက်နေ့ ပြည်သူ့ရင်ပြင်မှာ လုပ်မယ့်
ရွှေမြန်မာဥယျာဉ် နှစ်ပြည့်မွေးနေ့ပွဲကိုလည်း ခေါ်သွားမယ် ၊ ကိုလေးနဲ့ ရွှေရည် ရွှေမြန်မာဥယျာဉ်
မွေးနေ့ကိတ်ကို လှီးမယ် ၊ အားလုံးရဲ့ရှေ့မှာလည်း ပိတောက်ရွှေရည်ဟာ ကျနော် သိပ်ချစ်တဲ့
ချစ်သူပါလို့ ကြေငြာမယ်”
“တကယ်”
“တကယ်ပေါ့”
“ပျော်လိုက်တာ
ကိုလေးရာ”
ရွှေရည်ရဲ့
ခပ်ဖျော့ဖျော့ အပြုံးလေး ထပ်တွေ့ရပြန်သည်။ သူပျော်မြူးကာ ကျနော့်ပါးလေးကို တယုတယ နမ်းလိုက်သေးသည်။
ရွှေရည်နဲ့
လမ်းခွဲပြီး အိမ်ပြန်ရောက်တဲ့အထိ ကျနော့်ရင်ထဲမှာ ဆို့နစ်နေသည်။ ရွှေမြန်မာဥယျာဉ်ထဲလည်း
ကျနော် မရောက်ဖြစ်တော့။ ကျနော့်ရဲ့ လေးလေးမောင် မဏ္ဍာပ်ဆီ ဘယ်သူတွေ ရောက်ခဲ့လဲ ပြန်မကြည့်ဖြစ်တော့။
ပြိုင်ပွဲဝင် စာမူတွေ ဖတ်ဖြစ်ဖို့ဆိုတာလည်း စိတ်ထဲ မရောက်တော့။ ထိုည တစ်ညလုံး ကျနော်
အိပ်မပျော်ခဲ့တာ အမှန်ပါ။
xxxxxxx
၁၇.၄.၂၀၁၂ (နှစ်ဆန်း ၁ရက်နေ့)
ဒီနေ့
ခြံထဲမှာ ပိတောက်ပန်းတွေ လှိုင်လှိုင် ပွင့်နေကြသည်။ ပိတောက်ပန်းတွေ အရမ်းချစ်တဲ့ ကျနော့်ချစ်သူ
ပိတောက်ရွှေရည်အတွက် ပိတောက်ပန်းတွေ ခူးသွားရမည်။ သူ့ခေါင်းမှာလည်း ကိုယ်တိုင် ပန်ပေးရမည်။
ပိတောက်ပန်း ဝါဝါလေးရယ် ရွှေအိုရောင် ဝတ်စုံလေးရယ် ရွှေတိဂုံဘုရားပေါ်မှာ ရွှေသင်္ကန်း ကပ်လှူကာ
အရမ်းလှနေမယ့်ရွှေရည်။ စိတ်ကူးကြည့်ရုံနဲ့ ပျော်စရာကောင်းနေသည်။ ကျနော်ကိုယ်တိုင်လည်း
သူနဲ့လိုက်ဖက်အောင် ခိုင်လေး(အချစ်ကို ကိုးကွယ်သူလေး) လက်ဆောင်ပေးထားတဲ့ ပိတောက်ခြောက်ရောင်
ချည်ပုဆိုးလေးကို ရွေးဝတ်ပြီး သူ့ဆီသွားခဲ့သည်။
ကျနော်
ရွှေရည်ခြံရှေ့ရောက်တော့ ခြံထဲကထွက်လာတဲ့ မာစီဒီးကားလေးနဲ့ ခြံဝမှာဆုံတယ်။ ကားထဲမှာ
ရွှေရည်များ ပါမလားလို့ ငုံ့ကြည့်တော့ မတွေ့။ ယာဉ်မောင်ဦးလေးကြီး တစ်ယောက်တည်းရယ်။
“မောင်ရင်
ရောက်လာတာနဲ့ အတော်ပဲ ဦးလေးနဲ့ တစ်ခါတည်းလိုက်ခဲ့”
“ကျနော်
ရွှေရည်နဲ့ ဘုရားသွားဖို့ ချိန်ထားသေးတယ်”
“ဦးလေးလည်း
လုံမလေးဆီကိုသွားမှာလေ”
“ရွှေရည်က
ဘယ်မှာမို့လို့လဲ ဦးလေး”
“ဆေးရုံမှာ”
“ဗျာ
…. ဆေးရုံမှာ”
“ဟုတ်တယ်မောင်ရင်
ညက သွေးတွေအန်လို့ ဆေးရုံတင်လိုက်ရတယ်”
“ရွှေရည်
.. ရွှေရည် ဘာမှ မဖြစ်ပါဘူးနော် ရွှေရည်ကို အရမ်းတွေ့ချင်တယ်ဗျာ”
“လုံမလေးကလည်း
မောင်ရင့်ကို သိပ်တွေ့ချင်နေတယ်”
တစ်လမ်းလုံး
ကျနော် နေလို့ထိုင်လို့ မထိပါ။ ရသမျှ ဘုရားစာတွေရွတ်ပြီး ရွှေရည်အတွက် ဆုတောင်းပေးနေမိသည်။
ဆေးရုံရောက်တော့
ကုတင်ထက်မှာ ဆေးသွင်းပိုက် အစုံစုံနဲ့ ရွှေရည်။ ဒီတစ်ခေါက်တော့ ကျနော့်မျက်ရည်တွေ အတားအဆီးမဲ့စွာ
ပြိုဆင်းကျလာကုန်သည်။ သူ့အနားနားကပ်ထိုင်ပြီး သူ့လက်ဖဝါးလေးတွေ ဆုပ်နယ်ကိုင်ရင်း ဖြူဖြူဖျော့ဖျော့
သူမမျက်နှာကို ငေးကြည့်ဖြစ်စဉ်မှာ သူမမျက်လုံးလေးတွေ ပွင့်လာသည်။
“ကို
.. လေး”
“ကိုလေး
ရောက်နေပြီရွှေရည် အားမငယ်နဲ့နော်”
“ရွှေ
.. ရည် .. ကို .. လေး .. ကို .. မျှော် .. နေ .. တာ”
“ကိုလေး
လာမယ် ပြောထားတာပဲ”
“ကို
.. လေး .. နဲ့ .. ဘု .. ရား .. အ .. တူ .. တူ .. ဖူး .. ချင် .. လို့ .. မျှော် ..
နေ .. တာ”
“ရွှေရည်
နေကောင်းသွားရင် လိုက်ပို့ပေးမယ်လေ”
“ရွှေ
.. ရည် .. အ .. ခု .. သွား .. ချင် .. တယ်”
“အခုသွားလို့
မဖြစ်သေးဘူးထင်တယ်”
“ဟုတ်တယ်
လုံမလေး မောင်ရင်ပြောသလို နေကောင်းမှ သွားပါလား”
“ရွှေ
.. ရည် .. အ .. ခု .. ပဲ .. သွား .. ချင် .. တယ်”
“ဒေါက်တာ
သူက အခုသွားချင်တယ် ပြောနေတယ် ဖြစ်ပါ့မလား”
နောက်နားဆီမှာ
ရပ်နေတဲ့ ဆရာဝန်ကြီးကို ကျနော် အနားကပ်ပြီး အကြံဥာဏ်တောင်းကြည့်တော့ ဆရာဝန်ကြီးက ခေါင်းငြိမ့်ပြီး
ခပ်တိုးတိုး ပြန်ပြောသည်။
“လိုက်ပို့ပေးလိုက်ပါဗျာ
ဒါဟာ သူ့ရဲ့ နောက်ဆုံး အခွင့်အရေးပဲ”
ကျနော့ဦးခေါင်းတစ်ခုလုံး
ချာချာလည်ထွက်သွားသည်။ နောက်ဆုံးအခွင့်အရေးတဲ့လား ရွှေရည်ရယ်။ ကျနော် ရွှေရည်အနားပြေးသွားပြီး
ပါးချင်းအပ်ကာ ငိုချပစ်လိုက်သည်။ ရွှေရည်က အလိုက်သိစွာ ကျနော့်ပါးပြင်မှ မျက်ရည်စတွေကို
သုတ်ပေးနေသည်။ ရွှေရည် နောက်ဆုံး အခွင့်အရေးမှာ ကိုလေးမျက်ရည်တွေ သုတ်ပေးတာလည်း ပါတာပေါ့နော်။
ရွှေရည်ရဲ့
တောင်းဆိုချက်အရ ရွှေတိဂုံဘုးရား မြောက်ဘက်မုခ်က သွေးဆေးကန်ကို အရင်သွားသည်။ ထိုကန်မှာ
ငါးလွှတ်ကြသည်။ ငါးလွှတ်ရင်း ဆုတောင်းသည်။
“နင့်အသက်
တစ်ခါလွှတ် ငါ့အသက် ဆယ်ခါလွတ်”
ကျနော်ဆုတောင်းအပြီး
ရွှေရည်ကိုလည်း ဆုတောင်းခိုင်းသည်။
“ရွှေရည်လည်း
ဆုတောင်းလေ”
“ဟင့်
အင်း ရွှေ ရည် မှ မ လွတ် နိုင် တော့ တာ”
သူ့စကားက
နှလုံးသားကို အပ်နဲ့ထိုးဆွလိုက်သလို တစ်ဆစ်ဆစ် နာကျဉ်စေသည်။
“ကို
လေး”
“ပြောလေ
ရွှေရည်”
“အွန် လိုင်း မှာ ရွှေ ရည့် ဘ လော့ လေး ပြန် ထား ပေး ပါ လား”
“ထားပေးမယ်လေ
ရွှေရည်အကောင့်လေး ပြောပြ”
“badaukshweyi@gmail.com (…………) ပြီး တော့ လေ ရွှေ ရည် စာ မျက်
နှာ မှာ ကို လေး ကို သိပ် ချစ် တယ် ဆို တဲ့ စာ လုံး လှ လှ ရေး ထား ပေး နော်”
“ဘာဖြစ်လို့လဲ
ရွှေရည်”
“ကို
လေး တစ် သက် လုံး သိ စေ ချင် လို့”
“ရွှေရည်ရယ်”
“ကို
လေး”
“ဟင်”
“ရွှေ
ရည် ကို ပိ တောက် ပန်း ပန် ပေး ပါ လား”
“ကိုလေး
ခူးလာတယ် ပန်ပေးမယ်နော်”
ကျနော်
ပိတောက်ပန်းတွေ ပန်ပေးတော့ သူ ကျနော့်ရင်ခွင်ထဲမှာ ကျောပေးမှီထားသည်။ ပြီးတော့ ကျနော့်လက်
နှစ်ဘက်ကို ဆွဲယူပြီး လက်ချင်းယှက်ကာ ရွှေတိဂုံ ဘုရားကြီးဆီ ဦးတည်ပြီး ကန်တော့ဟန်ပြင်သည်။
“ကိုလေးတို့
ဘုရားပေါ် တက်ကြမယ်လေ”
သူက
ခေါင်းလေးကို ဖြည်းညှင်စွာ ခါပြီး
“ရွှေ
ရည် မ ရောက် နိုင် တော့ ပါ ဘူး”
ပြောရင်းက
လက်အစုံကို နဖူးနှင့်ထိ၍ ရှိခိုးဦးချဟန်ပြုသည်။ ငိုက်ထားသော ရွှေရည် ဦးခေါင်းလေး တော်တော်နှင့်
ပြန်မတ်မလာ။
“ဘာလို့
မရောက်နိုင်ရမှာလည်း ရွှေရည်ရယ် ကိုလေး တစ်ယောက်လုံး ရှိနေတာပဲ”
“………”
“ကိုလေး
လိုက်ပို့ပေးမယ်နော်”
“…….”
“သွားမယ်
မဟုတ်လား”
“…..”
“ရွှေရည်”
“…..”
“ရွှေရည်”
…..”
“ရွှေရည်
…………….. ရည်”
“…..”
xxxxxxxxxxx
နှစ်မကူးခင်
ယနေ့မှာပဲ ရွှေရည်ရုပ်ကလပ်လေးကို သင်္ဂြိုလ်ဖို့ ပြင်ဆင်ကြသည်။ ရွှေအိုရောင် အဝတ်အစားလေး
ဝတ်ထားတဲ့ ရွှေရည်ကို ရွှေဝါရောင် ပိုးကတီပါစ လွှမ်းခြုံပေးထားပြန်သည်။ ရွှေရည်မျက်နှာလေး
ဖော်ထားရုံမှတပါး တစ်ကိုယ်လုံး ရွှေရည် ချစ်မြတ်နိုးတဲ့ ပိတောက်ပွင့်တွေ ဖြန့်ကြဲထားသေးသည်။
ရွှေရည်လူးတဲ့
ပိတောက်ပွင့်တွေဟာ နွေတန်ခူးမှာ ဖူးပွင့်ဝေဆာ မွှေးကြိုင်နေလင့်ကစား .. ကျနော် ချစ်တဲ့
ပိတောက်ရွှေရည်လေးကတော့ ဘယ်သောအခါ ရှင်သန် နိုးထလာနိုင်တော့မည် မဟုတ်ပါ။
ငိုပါရစေ
ရွှေရည်။ သင်္ကြန်ခါ ရောက်တိုင်း ငိုပါရစေ။ ပိတောက်တွေ ရွှေရည်လူးတိုင်း ငိုပါရစေ။ နှစ်သစ်ကူးတဲ့
နွေတန်ခူး ရောက်တိုင်း ငိုနေပါရစေ။ ကိုလေး တစ်သက်လုံး တစ်ဘဝလုံး ငိုကြွေးပါရစေလား ရွှေရည်ရယ်။
ရွှေရည်
ရွှေရည်
.. ရည် … ရည် …
ရွှေရည်ကို
သိပ်ချစ်တယ် .. တယ်
… တယ် … တယ် … တယ်
♪ရူးပစေ
ငါလေရူးသွပ်သွားပစေ ♪ လွပ်လပ်စွာနဲ့
ဆက်လက်ချစ်နေဦးမယ် .. ♪
♪ပြောပစေ
လူတွေဝိုင်းပြောကြပစေ ♪ဂရုမစိုက်နိုင်ဘူး
ဆက်လို့ ချစ်နေဦးမယ် .. ♪
♪ကမ္ဘာကြီး
ပြိုလဲ ပျက်စီး မှောင်မိုက်နေလည်း ♪
♪ငါ
.. မင်းတစ်ယောက်ကိုပဲ ချစ်မြဲပါပဲ ..♪
♪ဘဝတစ်သက်စာ၂ .. ♪
♪ငါချစ်လို့သွားမယ်
မင်းတစ်ယောက်သာ ♪♫ ♪
xxxxxxxxxxx
၁၈.၄.၂၀၁၂ (နှစ်ဆန်း ၂ရက်နေ့) ယနေ့
ဒီကနေ့
ရွှေရည်လူးတဲ့ နွေတန်ခူး ဝတ္ထုလေးအား ရွှေရည်ကို လွမ်းဆွတ်တသ အောင့်မေ့စွာဖြင့် ရေးဖြစ်ပါတယ်။
ပြီးတော့
သူ့အလိုကျ ပိတောက်ရွှေရည် ဆိုတဲ့ သူ့စာမျက်နှာလေးကို ပြန်ဖွင့်ပေးခဲ့ပြီး သူ့စိတ်တိုင်းကျ
ကိုလေးကို သိပ်ချစ်တယ်ဆိုတဲ့ စကားလုံးလေးကိုလည်း လှလှပပ ရေးထားပေးလိုက်ပါတယ်။
ကျနော့်စာရှုသူ
ရွှေမင်ဘာအပေါင်းကို တစ်ခုလောက် မေတ္တာရပ်ခံချင်ပါတယ်။
ကျနော့်ချစ်သူ
ပိတောက်ရွှေရည်ရဲ့ စာမျက်နှာလေးကို လမ်းကြုံရင်ပဲဖြစ်ဖြစ် အလည်တစ်ခေါက် ရောက်ခဲ့ရင်ပဲဖြစ်ဖြစ်
သူရောက်ရာဘုံဘဝလေးမှာ ပျော်ရွှင်နိုင်စေဖို့ ဆုတောင်းမေတ္တာစာလေး ရေးပေးကြပါလားဗျာ …
ပိတောက်ရွှေရည်
အသက်
(၂၈) နှစ်
၂၀၁၂
ခုနှစ် ဧပြီလ ၁၇ ရက်
မြန်မာ
နှစ်ဆန်း ၁ ရက်နေ့တွင် ကွယ်လွန်သည်
|
ရွှေရည်လေးရေ
…
ရွှေရည်အတွက်
ကိုလေးပြုသမျှ ကုသိုလ်အဝဝကို ရောက်ရာဘုံဘဝက သာဓုခေါ်ပါကွယ် …
ရွှေရည်ရေ
… အမျှ .. အမျှ … အ .. မျှ …
|
(
ချစ်တဲ့သူတိုင်း ပေါင်းဖက်နိုင်ကြပါစေ )
ကိုလေး
(သို့မဟုတ်)
အောင်အေးချမ်း
ကျနော့်စာမှာ
လိုအပ်ချက်တွေ အများကြီး ရှိနေဦးမှာပါ။ နှစ်သက်သလို အကြံပြု သုံးသပ်ချက်
ပေးနိုင်ပါတယ်။
2 ဦး ပြန်ပြောထားသည်:
ဒီဝတ္တုလေးကိုဖတ်ရတော့  တစ်ခါဆီက ရွှေမြန်မာဥယျာဉ်
ရဲ့ ပျော်ရွှင်ကြည်နူးစရာ မင်္ဂလာနေ့ ရက်ချိန်ခါလေးတွေက
ရင်မှာတိုးဝှေ့ လို့ လာနေကြပြန်ရော့ လား ဥယျဉ်မှူး လေး
လေးရယ်...
ဘဝမှာအမှတ်ရစရာတစ်ခုအနေနဲ့ ဒီဥယျဉ်
အစုကမ္ဘာလေးထည်းမှာ သာယာနစ်မောမျောလွင့် ခဲ့ ရတဲ့ သမယလေးကတော့  နောက်ဆုံးထွက်သက်ထိတိုင် ရင်မှာတမ်းတလွမ်းမောနေရဦးတော့ မှာပါပဲ အကိုအောင်
မိုးရေ....
လေးလေးရေ ထပ်ပြီး အားပေးသွားပါတယ်
Post a Comment
↓ မိတ်ဆွေတို့ရဲ့ အမြင်လေးတွေ ပြောပြပေးခဲ့နိုင်ပါတယ် ↓