xxxxxxxxxxxxxxxx
ခက်တာက ကျုပ် ခင်ဗျားတို့ အကြောင်းတွေ ပြောမပြရင် ကျုပ်
ဘာကြောင့် ခင်ဗျားတို့နဲ့ မသက်ဆိုင်ချင်ရတာလည်း သိကြမှာ မဟုတ်ဘူး။ ဒီတော့
ခင်ဗျားတို့ရဲ့ မှောင်မိုက်နေတဲ့ ကိုယ်ကျင့်တရားတွေ၊ ခင်ဗျားတို့ရဲ့
အစွန်းထွက်နေတဲ့ သိက္ခာတွေ။ ခင်ဗျားတို့ရဲ့ အကြင်နာခေါင်းပါးတဲ့
လူမဆန်မှုတွေ၊ ခင်ဗျားတို့ရဲ့ အဆုံးမသတ်နိုင်တဲ့ လောဘ ဒေါသ မောဟတွေ၊
ခင်ဗျားတို့ရဲ့ ခြစားပျက်စီးနေတဲ့ စိတ်ဓါတ်တွေအကြောင်း ပြောပြရတော့မှာပဲ။ကျုပ်က ဘာလဲ၊ ဘယ်သူလဲ၊ ဘယ်လိုအတန်းအစားလဲ။ ဒါက ခဏထားပါ။ ခင်ဗျားတို့ကို ပြောပြလို့ရော ဘာထူးမှာလည်း။ ခင်ဗျားတို့ ဦးနှောက်ထဲမှာ ကျုပ်လိုကောင်က ပမွှားပဲ ရှိနေမှာပါ။
မင်း ဒီလိုတော့ ဝါးလုံးချေးသုတ်ရမ်းပြီး မျက်စေ့စုံမှိတ်ပြောမနေနဲ့။ ငါတို့က မင်းပြောတဲ့ အတန်းအစားထဲက မဟုတ်ဘူးကွလို့ ခံငြင်းမလား။
ဟားဟားဟားဟား လို့တောင် လက်ညှိုးငေါက်ငေါက်ထိုးပြီး ရယ်လိုက်ချင်သေးတယ်။ ခင်ဗျားတို့ ပြောပြောနေတဲ့ စကားလို ဒါမျိုး တောမှာသွားပြော ကြားလား။
ဒီစာဆုံးလို့ ကျုပ် ဘယ်လိုကောင်ဆိုတာ သိရင် ခင်ဗျားတို့လည်း ဘယ်လိုလူတွေဆိုတာ ငြင်းမရအောင် ရုပ်လုံး ပေါ်လာမှာပါ။ အခုတော့ ခဏစောင့်။ ကျုပ်ပြောချင်တာတွေ ပြောဦးမယ်။
xxxxxxxxxxxxxxxx
အော် လူတွေ လူတွေ။ကျုပ် နိစ္စဓူဝ တွေ့နေ မြင်နေ ကြားနေရတာ စိတ်မချမ်းသာလိုက်တာ။ ငါဆိုတဲ့ အတ္တတွေ ခေါင်းပေါ်ရွက်ပြီး လိုက်ရောင်းလိုရောင်း။ ဘူအသိ ကိုးမသိနဲ့ အကျင့်ပျက်ခြစားမှုတွေ ချဒေါင်းလိုဒေါင်း။
အနစ္စ ဒုက္ခ အနတ္တ ဆိုတာ ချိုနဲ့လားလို့ မေးသူကမေး။ ဟာဟ ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော။
တရားမရှိ ဘုရားမသိ အမှားမကြည့်တဲ့ ခင်ဗျားတို့အကြောင်းတွေ ပြောပြရင်လည်း ကုန်မှာ မဟုတ်ဘူး။ ဒီတော့ ကျုပ်နဲ့ ပါတ်သက်ခဲ့ဖူးတာတွေအကြောင်းပဲ လိုရင်းတိုရှင်း ပြောတော့မယ်။
ဘယ့်နှယ်ဗျာ … ကြီးသူလည်း မရိုသေ ရွယ်တူလည်း မလေးစား ငယ်သူလည်း မသနားတဲ့အပြင် ကျုပ်လို နိမ့်ပါးတဲ့ကောင်ပေါ်တောင်မှ အကြင်နာတရား စိုးစင်းလေးတောင်မှ မရှိတဲ့ ခင်ဗျားတို့တွေကို ကျုပ်မှာသာ လုပ်ပိုင်ခွင့်ရှိရင် အဝီစိမှာ ချုပ်ထားလိုက်ပြီ အဟုတ်။
ကျုပ်မှာ ကိုယ်ပိုင်တာဆိုလို့ ဘာတစ်ခုမှ မရှိဘူး။ အိမ်မရှိဘူး။ ခြံမရှိဘူး။ ကားမရှိဘူး။ တယ်လီဖုန်းမရှိဘူး။ ကွန်ပျူတာမရှိဘူး။ အဖေမရှိဘူး။ အမေမရှိဘူး။ မိန်းမမရှိဘူး။ ကလေးမရှိဘူး။ အိုဗျာ .. စားစရာတောင်မှ မရှိဘူး မှတ်ထား။ ကျုပ်က လမ်းပေါ်မှာနေ ၊ ကြုံရာမှာအိပ် ၊ အလုပ်အကိုင်မရှိ ၊ ပေးတာယူ ၊ ကျွေးတာစား ၊ ရုပ်ကလည်းဆိုး ၊ ရောဂါကလည်းထူ။ ကျုပ်လိုကောင်မျိုး ခင်ဗျားတို့အိမ်မှာ ခေါ်ထားမလား။ ဝေးသေးတယ်။ မြေကြီးလက်ခပ်တာမှ လွဲဦးမယ်။ ခင်ဗျားတို့အပေါ် အထင်တွေကတော့ လုံးဝမလွဲဘူး။
ခင်ဗျားတို့တွေပေါ့ ကိုယ့်ကိုယ်ကို မာန်တက်နေတဲ့လူတွေ ကျုပ်ကိုတွေ့ရင် ထွီခနဲ တံတွေးနဲ့ ထွေးလိုထွေး။ ခြေထောက်နဲ့ ကန်လိုကန်။ အဲဒါကောင်းလား။ ဘယ်မလဲ မေတ္တာတရား။ စားစရာမရှိလို့ အသနားခံတောင်းပါတယ်။ ခင်ဗျားတို့ အဖက်မတန်သလို ပါးစပ်ထဲက အပုပ်မစပ်တွေတိုင်းထွာပြီး မောင်းထုတ်လိုထုတ်။ ဒါလား ဂရုဏာတရား။
ကျုပ်တစ်ခုလောက်မေးမယ်။ ကျုပ်လို စုတ်ပြတ် ပေတေ နူဝဲစွဲနေတဲ့ကောင်ကို ခင်ဗျားတို့ပိုင်တဲ့ ကုမ္ပဏီမှာ အလုပ်ခန့်မလား။ ဝေးသေးတယ်။
ဒါဆို ခင်ဗျားတို့အိမ်မှာရော။ နိုးပါ။
ဒါဖြင့် ခင်ဗျားတို့ ကားဂိုဒေါင်မှာရော။ ဟင့်အင်း။
နောက်ဆုံးဗျာ ခင်ဗျားတို့ရဲ့ ခြံအပြင်ဘက်မှာပဲဖြစ်ဖြစ် လုံခြုံရေးပေါ့။ လုံးဝပဲ။
သိနေတယ်လေ သိနေတယ်။ ခင်ဗျားတို့က အဆင့်အတန်းတွေ သိပ်ခွဲခြားတတ်တယ်။ ရာထူးလေး နိမ့်ရင် ဟောက်ချင်တယ်။ ငွေရေးကြေးရေး ချို့တဲ့ရင် ခိုင်းစားချင်တယ်။ ဘယ်မှာလဲ ခင်ဗျားတို့ ပြောပြောနေတဲ့ ဗြမ္မာစိုရ်တရားလေးပါး။ အလကား လူလိမ်တွေ။ တစ်ယောက်ကိုတစ်ယောက် လိမ်နေကြတယ်။ မျက်နှာမှာ သနပ်ခါး ပေါင်မှာသေးကြောင်းနဲ့ဆိုတာ ခင်ဗျားတို့တွေပေါ့။
ပြောစမ်းပါ။ ငါကတော့ ငါးပါးသီလလုံတယ်လို့ မြေကြီးလက်ဆုပ်ပြီး ပြောကြည့်လိုက်စမ်းပါ။ ဟားဟားဟားဟား မပြောရဲတော့ဘူး မဟုတ်လား။ ခင်ဗျားတို့တွေ လူလူချင်းသာ လိမ်လို့ရမယ်။ ဘုရားကို လိမ်လို့မရဘူး။ တရားကို လိမ်လို့မရဘူး။ ကိုယ့်ကိုယ်ကို လိမ်လို့မရဘူး မြဲမြဲမှတ်ထား။
ဟိတ် .. ဟိတ် .. ဟိုလူ။ ခင်ဗျား ဘာလို့ အုတ်ခဲကိုင်ပြီး ကျုပ်ကိုရွယ်ထားတာလဲ။ ကျုပ်ပြောနေတာ ခင်ဗျားနာမည်တပ်ပြီး ပြောလို့လား။ ခင်ဗျားဘာသာ အနာပေါ် တုတ်ကျတာပဲ။ မတတ်နိုင်ဘူး။
ဟေ့ ဟေ့ ဟေ့လူ ၊ မလုပ်နဲ့နော် မပစ်နဲ့နော်
ဝှူး … မလွယ်ဘူး။ ဒီလူ့အုတ်ခဲစာ မမိအောင် တော်တော်လေး ပြေးလိုက်ရတယ်။ မတော် အုတ်ခဲကျိုးမှန်လိုက်ရင် ပိန်သေးသေး အင်အားချိနဲ့တဲ့ ကျုပ် တစ်ခါတည်း အသက်ထွက်သွားမှာ။
မောကလည်းမော ဗိုက်ကလည်းဆာ ညကလည်းမှောင်ပြီ ဘယ်မှာဘာရမလဲ။ ကျုပ်ကို တစ်ခုခု ဘယ်သူကျွေးကြမလဲ။
ခင်ဗျားတို့တွေ ကျွေးမလား။ မထင်ပေါင်။ ခင်ဗျားတို့ မကောင်းကြောင်း ထောင်းလပေါင်းထအောင် ကျုပ်ပြေနေမှတော့ စေတနာတွေ ဝေးပြီပေါ့။ အဟက်။
အဲဒါပဲ ခင်ဗျားတို့ရဲ့ ပင်ကိုယ်စရိုက်။ မျက်နှာလေးကသာ လပြည့်ဝန်းကြီးလို ချိုသာနေတာ။ နှလုံးသာထဲမှာတော့ ကျည်တောက်ထဲက ခွေးမြှီးပဲ။
တကယ်တမ်း ပြန်တွေးကြည့်တော့ ခင်ဗျားတို့ မကောင်းကြောင်းတွေ ပြောရတာ အရေမရ အဖတ်မရဗျာ။ ကျွဲကို စောင်းတီးပြလို့လည်း နားလည်မှာမှ မဟုတ်တာ။
ဒီတော့ ဆက်မပြောတော့ဘူး။ ခင်ဗျားအကြောင်းတွေလည်း ထပ်မတွေးတော့ဘူး။ ခင်ဗျားတို့နဲ့လည်း မဆက်ဆံချင်တော့ဘူး။
အိုဗျာ .. ရှုပ်တယ် … ခင်ဗျားတို့နဲ့ လုံးဝ မသက်ဆိုင်တော့တာကောင်းတယ်။
ဒါဆို ကျုပ်ဘာလုပ်ရမလဲ။ ခင်ဗျားတို့လို လူဖြစ်ပြီး လူစိတ်မရှိတဲ့သူတွေနဲ့ ဝေးအောင် ကိုယ့်ကိုယ်ကို သတ်သေလိုက်ရမလား။ ဒါလည်း ကောင်းတာပဲ။ ကျုပ်ဘဝက နေမထူး သေမထူး စားရာမဲ့ သောက်ရာမဲ့ ဆွေမရှိ မျိုးမရှိ တစ်ကောင်ကြွက် … အဲ အဲ တစ်ကောင်ခွေး။
ဟုတ်တယ်လေ ကျုပ်က လမ်းပေါ်နေ လမ်းပေါ်အိပ် ပေးတာယူ ကျွေးတာစားတဲ့ အိမ်တိုင်ယာမဲ့ ခွေးဝဲစားလေးပဲ။ ကြွက်မှမဟုတ်တာ။ ပြီးတော့ ခင်ဗျားတို့လို လူလည်း ဟုတ်မှ မဟုတ်တာ။ ဒါကြောင့်လည်း ခင်ဗျားတို့က ကျုပ်ကို အဆင့်အတန်းခွဲခြားကြတာပေါ့။ မောင်းထုတ်ကြတာပေါ့။ အလုပ်မပေးကြတာပေါ့။ စေတနာမဲ့ကြတာပေါ့။ မေတ္တာခေါင်းပါးကြတာပေါ့။
ကျုပ်သာ ခင်ဗျားတို့ အိမ်မှာ မွေးထားတဲ့ တယ်လီယာခွေးလေး ဖြစ်ကြည့်ပါလား။ ခင်ဗျားတို့ ကုတင်ပေါ်မှာတောင် တင်သိပ်ထားကြဦးမှာ ဟုတ်ဘူးလား။
နေပါဗျာ ကျုပ်ဘဝနဲ့ကျုပ်ပဲ ရှိပါစေတော့။ ကျုပ်ရဲ့ လက်ရှိဘဝကြီးကိုလည်း စိတ်ကုန်ပါပြီ။ ကားလမ်း ဟိုဘက်က ချောင်းထဲခုန်ချပြီး အဆုံးစီရင်လိုက်တော့မယ်။
အဲ .. နေဦး ကားလာနေတယ်။ မတော် တိုက်သွားမှ။ ဟာ .. ဟုတ်သေးပါဘူး။ ကျုပ်က သေချင်နေတဲ့ကောင်ပဲ တိုက်သွားတော့ မြန်မြန်ကိစ္စချောသွားတာပေါ့။ အခုတော့ ကားက ကျော်သွားပြီ။
ဟာ … ကားပေါ်က အထုပ်တစ်ထုပ် ကျလာတယ်။ ဘာထုပ်ဖြစ်မလဲ။ ပြေးကြည့်လိုက်စမ်းမယ်။ အမယ် အမယ် အသားထုပ်ကြီးဟ။ စားရကံကြုံတော့လည်း သေမယ့်ဆဲဆဲတောင့် ရိက္ခာက ရောက်လာသေး။ လာထား မသေခင် အဝစားလိုက်မယ်။
စားရင်းနဲ့ ဘာလို့ ကျုပ်မူးနောက်နောက် ဖြစ်လာပါလိမ့်။ ဟင် … ဒါ ဒါ အဆိပ်
အဆိပ်ခပ်ထားတဲ့ အသားတုံး .. လူတွေ ရက်စက်လိုက်တာ .. ကျုပ်ကို လူတွေ လုပ်ကြံတယ် ..
မျက်လုံးတွေ ပြာလာပြီ .. ဘာမှ မမြင်ရတော့ဘူး .. ရေငတ်လိုက်တာ .. ရေ .. ရေ ..
ရေပေးကြပါ .. ရေပေးကြပါဗျာ
ဟေ့ ဟေ့ ဟိုခွေးနား မကပ်ကြနဲ့ ခွေးရူးလားမသိဘူး .. ဒယီးဒယိုင်နဲ့ သွားရည်တွေကျနေတယ်
မဟုတ်ဘူး .. ကျုပ် ခွေးရူး မဟုတ်ဘူး .. ကျုပ် အဆပ်မိနေတာ … အမလေး ပူတယ် … ရေပေးကြပါ ..
ဘယ်သူမှလည်း ရေလာမတိုက်ကြဘူး .. ဘယ်သူမှလည်း လာမကယ်ကြဘူး .. လူတွေ .. အလကားလူတွေ ..
ခင်ဗျားတို့ အ .. လ .. ကား .. လူ .. တွေ
ခင် .. ဗျား .. တို့ .. နဲ့ .. ကျုပ် .. ဘ .. ဝ .. အ .. ဆက် .. ဆက် ..
လုံး .. ဝ .. မ … သက် …. ဆိုင် ….. တော့ …… ဘူး …….
နားပါဦးမည် …
0 ဦး ပြန်ပြောထားသည်:
Post a Comment
↓ မိတ်ဆွေတို့ရဲ့ အမြင်လေးတွေ ပြောပြပေးခဲ့နိုင်ပါတယ် ↓